နေပြည်တော် ဒီဇင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်နင်းကျေးရွာ တောင်သူ ဦးစိုးဝင်း၏ အာလူးစိုက်ကွင်း၌ ရွှေညောင်မြို့ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၅) စက်မှုလယ်ယာစခန်းမှ ကြီးမှူးကျင်းပသည့် အာလူးစိုက်စက် (Potato Planter) ဖြင့် အာလူးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက (Potato Planter) အသုံးပြု၍ အာလူးစိုက်ပျိုးခြင်းဖြင့် မျိုးချခြင်း၊ ဘောင်တင်ခြင်း၊ မြေဖုံးခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ကြောင်း၊ စက်ကိရိယာဖြင့် စိုက်ပျိုးခြင်းသည် သီးနှံတူးဖော်ချိန်တွင် သီးနှံအထွက်နှုန်းကောင်းခြင်း၊ အရည်အသွေးကောင်းခြင်း၊ လေလွင့်ဆုံးရှုံးမှုနည်းခြင်းစသည့် အကျိုးကျေးဇူးများသည့်အတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ဖြူး အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။ 
ထို့နောက် ကြက်သွန်ဖြူဒေသမျိုး စိုက်ပျိုးနေမှု၊ မုန်ညှင်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု၊ ရွာကြီးကျေးရွာ ကွင်းအမှတ် (၂၂) နဂါးပတ်တောင်ကွင်းတွင် နေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားဆိုလာ (Mobile Solar) အသုံးပြု၍ ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးထားသည့် အာလူးစိုက်ခင်း တို့ကိုကြည့်ရှုသည်။
ယင်းနောက် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ကျောက်နီစိုက်ကွင်းရှိ မွေးမြူရေး ဇုန် ဇီဝလုံခြုံရေးဂိတ်အနီး တူးဖော်ထားရှိသည့် စက်ရေတွင်းသို့ရောက်ရှိ စစ်ဆေးပြီး ဒုတိယ ဝန်ကြီးက လိုအပ်သည်များမှာကြားသည်။ 
 ဆက်လက်၍ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ရောဂါရှာဖွေစစ်ဆေးရေးလုပ်ငန်းများ ကာကွယ်ကုသရေးလုပ်ငန်းများ စနစ်တကျစီမံသွားကြရန်၊ မေထုံမဲ့နည်းလမ်းများ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် တိရစ္ဆာန်အစာ အလုံအလောက်ရရှိ၍ ဇုန်အတွင်း ရေစီမံခန့်ခွဲမှုကိုလည်း အသေးစိတ်စီမံတွက်ချက်၍ ဇုန်တာဝန်ခံများအနေဖြင့် သက်ဆိုင်ရာပြည်နယ်အစိုးရ၏ လမ်းညွှန်မှု၊ ဝန်ကြီးဌာန၏ နည်းပညာများ ပံ့ပိုးကူညီမှုများဖြင့် မွေးမြူ‌ရေးဇုန်နှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်