နေပြည်တော် ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းတိန် ကျေးရွာရှိ ကွင်းအမှတ်(၈၅/၈၆)၊ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၁၃၉ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းသို့ သွားရောက်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်ပေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရာဂီမုန်တိုင်းဒဏ်ကြောင့် အင်းတိန်ရေလွှဲဆည်နှင့် ယာဘက်ရေလျှံထိန်း တာပေါင် ထိခိုက်ခဲ့မှုအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အင်းတိန် ရေလွှဲဆည် Outfall ပိုင်းကြမ်းခင်း အလျား ၉၂ ပေ၊ ပျမ်းမျှအကျယ် ၈၂ ပေ၊ ဒုကိုးလက်မ ကွန်ကရစ် လောင်းခြင်းလုပ်ငန်း၊ လက်ဝဲဘက်ခြမ်း အလျား ၃၄၅ ပေ၊ အမြင့် ရှစ်ပေ၊ ကျောက်ရိုးထိပ်ဝ အကျယ်နှစ်ပေရှိ မြေထိန်းနံရံ ကျောက်စီခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက မြေထိန်းနံရံ ရေတိုက်စားမှု လျော့နည်း သက်သာစေရေးနှင့် ရေစီးရေလာ ပိုမိုကောင်းမွန်စေရေးအတွက် အင်းတိန်ချောင်း အတွင်း သဲနုန်းများ တူးဖော်၍ ဝဲ၊ ယာမြေသားပေါင် ခိုင်ခန့်အောင် ထပ်ပိုးဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ညောင်ရွှေမြို့ သာစည်ကန် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းနှင့် နဒီကန်ကျွန်းမျောရိုင်းများ ရှင်းလင်းဖယ်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စု သံသေ ကျေးရွာ ကွင်းအမှတ် (၁၀၃) အတွင်း မျိုးစေ့ထုတ် ဆောင်းအာလူး စိုက်ခင်းငါးဧက အပြင် ကြက်သွန်ဖြူ၊ နေကြာ၊ ပဲပုပ်နှင့် ဆောင်းမြေပဲ မျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု၊ ကျောက်နီ မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် မွေးမြူရေးရုံများ ဆောက်လုပ်ပြီးစီးမှု၊ နို့စားနွား မွေးမြူရေးနှင့် တိရစ္ဆာန်အစာပင် မြက်မျိုးများ စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


