နေပြည်တော် မေ ၇

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

 

ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်း၌ မေ ၆ ရက် ညနေပိုင်းတွင် မိုင်းပန်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၃၇၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်မှုများကြောင့် ယနေ့ညနေပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၂၃၀၀ ခန့်အကွာတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသားတစ်ဦးအား ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ဆက်လက်ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်