နေပြည်တော်၊  ၄   ဒီဇင်ဘာ

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် ယဉ်ကျေးမှု ဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း ကွင်းဆင်းသုတေသနလုပ်ငန်းမှသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်အထောက်အထားများ၊ သမိုင်းတင်ခေတ် အထောက်အထားများကို ကွင်းဆင်းရှာဖွေခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းရေးဆောင်ရွက်ခြင်း စသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

2.jpg

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောက်ခေါင်း ကျောင်းဂူများနှင့် လုံကာကုန်း တို့ကို ရှေးဟောင်းသုတေသနနည်းပညာ သင်တန်းကျောင်း (ပြည်)မှ ကထိက ဦးကျော်ခိုင် ဦးဆောင်သောအဖွဲ့မှ ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ်တူးဖော်သုတေသနပြုခြင်း ဆောင်ရွက်ခဲ့သည်။ ကျောက်ခေါင်းကျောင်းဂူများမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်းရှိ ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာအနီးတွင် တည်ရှိသည်။ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်အစွယ်တွင် တည်ရှိပြီး ပြဒါးလင်းဂူများ၏ အရှေ့တောင်ဘက်တွင် တည်ရှိသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျောက်ခေတ် ယဉ်ကျေးမှုအထောက်အထားများ၊ ပြဒါးလင်းဂူ ကျောက်ခေတ်ယဉ်ကျေးမှုနှင့် ရှမ်းကုန်းပြင်မြင့်ရှိ ကျောက်ဂူနေ ကျောက်ခေတ်ယဉ်ကျေးမှုတို့ ဆက်စပ်မှုတို့ကို လေ့လာရန်အတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည်။

 

 3.jpg

 

ကျောက်ခေါင်းကျောင်းဂူများကို တူးဖော်သုတေသနပြုလုပ်ရာတွင် အောက်ပိုင်းမြေလွှာများအတွင်းမှ ပြဒါးလင်းဂူနေ ကျောက်ခေတ် ယဉ်ကျေးမှုနှင့် ချိတ်ဆက်နှိုင်းယှဉ် လေ့လာနိုင်သည့် အကြမ်းပုံဖော်ထားသော ကျောက်လက်နက်များ၊ အဖျားပိုင်းသာ အချောသွေးထားသော ကျောက်လက်နက်များ၊ ကျောက်ကွင်းများကို အိုးကွဲများနှင့်အတူ တွေ့ရသဖြင့် ကျောက်ခေါင်း ကျောင်းဂူများတွင် ကျောက်ခေတ် လူသားများသည် ကျောက်ခေတ်သစ် အစောပိုင်းကာလမှ စတင်နေထိုင်ကြသည်ကို ယူဆနိုင်သည်။ တူးဖော်မှုမြေလွှာအပေါ်ပိုင်းတွင် အချောသွေး အရောင်တင်ထားသော ဆောက်သွား၊ ကျောက်ပုတီး စေ့နှင့် သံဓားငယ်တစ်ချောင်းကို တွေ့ရသဖြင့် ကျောက်ခေါင်းကျောင်းဂူများတွင် ကြေးခေတ်၊ သံခေတ် တိုင်အောင် သမိုင်းမတင်မီခေတ် လူသားများ နေထိုင်ခဲ့ကြောင်းနှင့် ကျောက်လက်နက်များ၊ အရိုးဖြင့် ပြုလုပ် ထားသော ယဉ်ကျေးမှုပစ္စည်းများ၊ ကျောက်ပုတီးစေ့နှင့် ဝက်စွယ်ဖြင့်ပြုလုပ်ထားသော လည်ဆွဲ တစ်ခုလည်း တွေ့ရသဖြင့် ကျောက်ခေါင်းကျောင်းဂူများနေ သမိုင်းမတင်မီခေတ် လူသားများ၏ ယဉ်ကျေးမှု အဆင့်အတန်းအား လေ့လာဖော်ထုတ်နိုင်သည်။

 

 4.jpg

 

လုံကာကုန်းမှာ ကလောမြို့နယ်၊ ဟဲဟိုးမြို့တောင်ဘက်၊ ညောင်ပင် ခါးရှည်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ကျောက်ဂူနေ ကျောက်ခေတ်ယဉ်ကျေးမှုမှသည် မြေပြန့်လွင်ပြင်သို့ ရွှေ့ပြောင်း နေထိုင်သော ယဉ်ကျေးမှုနေရာဒေသတစ်ခုဖြစ်သည့် ကျောက်ခေတ်သစ် နေရာဒေသအဖြစ် လေ့လာရန်အတွက် အလွန်အရေးပါသော ယဉ်ကျေးမှု နေရာတစ်ခုအဖြစ် တွေ့ရှိသည်။

 

 6.jpg

 

လုံကာကုန်းတွင် မြေပြင်ရှာဖွေမှုနှင့် တူးဖော်မှုမှ အချောသွေးထားသော ကျောက်ချောလက်နက်များကို တွေ့ရှိရသည်။ ကျောက်ချောလက်နက်များနှင့် မြေထည်ပစ္စည်းများကို တွေ့ရှိမှုအရ လုံကာကုန်းတွင် ကျောက်ခေတ်သစ်ကာလ နှောင်းပိုင်း သို့မဟုတ် ကြေးခေတ်ကာလတွင် နေထိုင်သောကျေးရွာ တစ်ခုဖြစ်သည်ဟု သုံးသပ်ရသည်။ (၂)မီတာပတ်လည် တူးဖော်မှု ကျင်းကွက်အတွင်းမှ တိုင်လုံးစုစုပေါင်း (၄)လုံး တွေ့ရှိခဲ့ပြီး ကျောက်လုံး တစ်ခုပေါ်တွင်လည်း တဲအိမ်ပုံ ရေးထွင်းထားသည်ကို တွေ့ရှိချက်အရ လွင်ပြင် တွင် တဲအိမ်များ တည်ဆောက်၍ ကျေးရွာတည်ထောင် နေထိုင်ကြကြောင်းကို ညွှန်ပြနေပါသည်။ ထို့အပြင် ကျောက်ချောလက်နက်များ သာမက သမင်ချိုကို အဖျားပိုင်းသွေးထားပြီး စူးချွန်လက်နက် (Point Tool) အဖြစ်လည်းကောင်း၊ အရိုးကို လိုအပ်သောအရွယ် ခွဲစိတ်ထားသည့် အရိုးအပ် (၂)ချောင်းကိုလည်းကောင်း တူးဖော်မှုမှ ရရှိခဲ့ပါသည်။ မြေထည်ပစ္စည်းများအနေဖြင့် အိုးတစ်ခုလုံး အပြည့်အစုံကို မတွေ့ရှိရပဲ အနီရောင် ဆေးရေးခြယ်ထားသော အိုးခြမ်းကွဲများကို တွေ့ရှိရပြီး မြေလက်ကောက်အကျိုး အပိုင်းအစကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် မြေဒိုးပြားများကိုလည်း တူးဖော်တွေ့ရှိ ခဲ့ရပါသည်။ ထို့ကြောင့် လုံကာကုန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောက်ခေတ်သစ် ကာလ နှောင်းပိုင်းနှင့် ကြေးခေတ်ကာလတို့၏ သမိုင်းမတင်မီခေတ်ကာလ ယဉ်ကျေးမှုအဆင့်အတန်းကို တစ်စိတ် တစ်ဒေသ ဖော်ညွှန်းပြနေသည်ဟု ဆိုနိုင်သည်။

 

7.jpg

 

ထို့ကြောင့် ကျောက်ခေါင်းကျောင်းဂူများနှင့် လုံကာကုန်းသမိုင်း မတင်မီခေတ် ကျေးရွာဒေသတို့မှာ ဘေးဝန်းကျင်တွင် သဘာဝအတိုင်း တည်ရှိနေသည့် တောင်တန်းကြီးများ၊ လျှိုမြောင်၊ ချိုင့်ဝှမ်း၊ ရာသီ အလိုက် စီးဆင်းနေသော စမ်းချောင်းများ၊ ရာသီမရွေး ရေရှိနိုင်သည့် ရေထွက်ပေါက်များကို တွေ့ရှိရ မည့်အပြင် ကျောက်ခေတ်လူသားတို့ နေထိုင် ခဲ့သည့်ဂူများ၊ အသုံးအဆောင်ပစ္စည်းကိရိယာများကို လေ့လာနိုင်သည့်အတွက် ကိုဗစ်အလွန်ကာလတွင် သွားရောက် လည်ပတ်လေ့လာသင့်သော နေရာဒေသများ ဖြစ်သည်။ ကျောက်ခေါင်းကျောင်းဂူများနှင့် လုံကာကုန်းတို့မှ တူးဖော်တွေ့ရှိသော ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အမျိုးသားပြတိုက်(နေပြည်တော်)နှင့် ယဉ်ကျေးမှု ပြတိုက် (တောင်ကြီး)တို့တွင် ကျောက်ခေတ်ကာလ လူသားတို့ နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်အနေအထားကို သရုပ်ဖော်သည့် ပြကွက်တစ်ကွက်အနေဖြင့် ခင်းကျင်းပြသရန် စီစဉ်လျက်ရှိပါကြောင်း သိရသည်။

Crd>ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန