တောင်ကြီး ၃၀ အောက်တိုဘာ
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲနှင့် မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲတော်ကို တန်ဆောင်မုန်းလဆန်း(၈)ရက်မှ တန်ဆောင်မုန်းလပြည့် ကျော် (၁)ရက်၊ နို၀င်ဘာလ(၄)ရက် မှ (၁၂)ရက်ထိ (၉)ရက်တိုင်တိုင် ပြုလုပ်ကျင်းပမည်ပြီး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီအနေဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအတွက် သီချင်းပြိုင်ပွဲ၊ စာပေ ပြိုင်ပွဲ(ဆောင်းပါး၊ ၀တ္ထုတို၊ ကဗျာ)၊ ပန်းချီ/ကာတွန်းပြိုင်ပွဲ၊ အလွတ်တန်းဓါတ်ပုံပြိုင်ပွဲများ ကို ဖိတ်ခေါ် ကျင်းပပေးလျက်ရှိသည်။
ယနေ့နံနက်(၉)နာရီအချိန်တွင် တောင်ကြီးခရိုင် လူထုအခြေပြုဗဟိုဌာန (Commynity Centre) ၌ စာပေပြိုင်ပွဲ (ဆောင်းပါး၊ ၀တ္ထုတို၊ ကဗျာ)သို့ ပေးပို့ပါ၀င်ယှဉ်ပြိုင်လာသည့် စာမူများကိုစိစစ်ရွေးချယ်ပွဲကို လည်းကောင်း ၊ တောင်ကြီးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းချီ/ကာတွန်း ပြိုင်ပွဲကိုလည်းကောင်း ပြုလုပ်ကျင်းပသည်။
စာပေပြိုင်ပွဲ(ဆောင်းပါး၊၀တ္ထုတို၊ကဗျာ) တွင် ဆောင်းပါး(၄၂)ပုဒ်၊ ကဗျာပုဒ်ရေ(၅၀) နှင့် ဝတ္ထုတို (၁၄)ပုဒ် လက်ခံရရှိထားကြောင်း၊ ပန်းချီ/ ကာတွန်း ပြိုင်ပွဲ သို့ တောင်ကြီးမြို့ အခြေခံပညာ အထက်တန်း / အလယ်တန်းကျောင်းများ မှ ပန်းချီ/ ကာတွန်း ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ များ က ပန်းချီပြိုင်ပွဲ သို့ (၆၄)ဦး ၊ ကာတွန်းပြိုင်ပွဲသို့ (၃၂)ဦး စုစုပေါင်း(၉၆)ဦး ပါ၀င်ယှဉ်ပြိုင်ကြကြောင်း နှင့် အဆိုပါ ပြိုင်ပွဲများအားလုံးအတွက် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆု(၂)ဆုစီ ကို စိစစ်ရွေးချယ်ကာ ဆုရရှိသူများကို တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ နို၀င်ဘာ(၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်တန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲ အခမ်းအနား၌ ထိုက်ထိုက် တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သန်းဦး(ပြန်/ဆက်)



