တောင်ကြီး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က “ရှမ်းပြည်နယ်ရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝရရှိ ခံစားနိုင်စေရန်နှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မရေးရာ တန်းတူညီမျှမှုရရှိ စေရေး၊ ကလေးသူငယ်များ အခွင့်အရေးရရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးနိုင်ကြရန် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံနိုင်စေမည့် စနစ်များ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည် ဆောင်ရွက်နိုင်စေရန်လည်း ရည်ရွယ်ကြောင်း၊ ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ အနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက် လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


