ကျောက်မဲ ၁၁ ဧပြီ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အဖွဲ့သည် ယမန့်နေ့ မွန်းလွဲပိုင်းက ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဦးစီးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက စောင့်ကြည့်လူနာ များအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအတွက် လိုအပ်မည့် အကာအကွယ်များ ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုသည့် နေရာများ ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်းနှင့် ပြည်ပများ ပြန်လည် ရောက်ရှိလာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးကုသမှု အခြေအနေများကိုလည်းကောင်း မြို့နယ်အုပ်ချုပ်ရေး ဦးနိုင်ဝင်းက အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုသည့် နေရာများ(Quarantine)တွင်ရှိသည့် စောင့်ကြည့်သူများအတွက် နေထိုင်ရေးနှင့် စားဝတ်နေရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ(၂၀)၊ Long Gloves Pairs (၁၀) စုံ၊ Goggles (၅၀)၊ Egloves Box(၅)၊ Masks (၅၀ဝ) ခုနှင့် ငွေကျပ် (၅)သိန်း တို့အား ရှမ်းပြည်နယ် အစိုးရကိုယ်စား ကျောက်မဲမြို့နယ်အတွက် ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံးရှိ အရေးပေါ်ဌာန၊ ကိုဗစ်-၁၉ လူနာထားရှိရန် သီးသန့်ဆောင်နှင့် မြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


