တောင်ကြီး အောက်တိုဘာ ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များအပေါ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ၂၀၂၂ - ၂၀၂၃ ခုနှစ် စီမံကိန်းကိစ္စရပ်များနှင့် ဘဏ္ဍာရေး ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်က ပညာရေးကဏ္ဍကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားရေးရာ အခန်းကဏ္ဍကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များကို လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


