၂၂ ဧပြီ
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ဧပြီ ၂၀ ရက်နေ့အထိ အတည်ပြုလူနာ- ၄ ဦး၊ Community Based Facility Quarantine ထားရှိသူ ၄၀ဝ၈ ဦးနှင့် Home Quarantine ထားရှိသူ ၅၁၃၈ ဦးရှိခြင်းတို့ ရှိပါသည်။ ရောဂါထပ်မံဖြစ်ပွားမှုမရှိစေရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် Coronavirus Diseasc 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံ သွားရောက် မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်-
မေး- ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို သိလိုပါတယ်။
ဖြေ- ရှမ်းပြည်နယ်အစိုးရအနေနဲ့ အခုလောလောဆယ် ဘာတွေဆောင်ရွက်နေသလဲ ဆိုရင် ရှမ်းပြည်နယ်အစိုးရကို ငွေကြေးလှူဒါန်းတာရှိတယ်၊ ဆန်အိတ်လှူဒါန်းတာရှိတယ်၊ နောက်ပြီး ကာကွယ်ရေးပစ္စည်းတွေလှူဒါန်းတာတွေရှိပါတယ်။ အဲဒီတော့ လာလှူတဲ့ ပစ္စည်း တွေကို သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံတွေကို ကျွန်တော်တို့က ဆေးရုံတွေရဲ့ capacity အလိုက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ရှမ်းမြောက်ခရီးစဉ်၊ ရှမ်းအရှေ့ခရီးစဉ်တွေ အခုသွားနေပါတယ်။ တစ်မြို့နယ်ဝင်၊ တစ်မြို့နယ်ထွက်နဲ့လိုအပ်တာတွေကို ဒီကာကွယ်ရေးပစ္စည်းတွေ နောက်ပြီး လိုအပ်တဲ့ကာကွယ်ရေး ပစ္စည်းတွေထောက်ပံ့မှုလုပ်တယ် ။ နောက်ပြီးတော့ လိုအပ်တဲ့ ငွေကြေး ထောက်ပံ့မှုရှိတယ်။
နောက်တစ်ခုကကျတော့ သက်ဆိုင်ရာစာသင်တိုက်တွေမှာရှိတဲ့ရဟန်း/ သံဃာတွေ ဆွမ်းဘုန်း အဆင်မပြေတာတွေကိုလဲ တတ်နိုင်သလောက် လှူဒါန်းတာတွေရှိတယ်။ ရှမ်းမြောက်၊ ရှမ်းရှေ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ လိုက်ပါသွားပါတယ်။ ရှမ်းတောင်ခရီးစဉ်မှာတော့ ကျွန်တော်နှင့် လျှပ်စစ်ဝန်ကြီးက တာဝန်ယူပြီးတော့ တစ်မြို့နယ်ဝင် တစ်မြို့နယ်ထွက် ဆောင်ရွက် လျက်ရှိပါတယ်။ အဓိက ထောက်ပံ့တဲ့တစ်ခုကတော့ Positive လူနာရှင်နဲ့ ဆေးရုံမှာရှိတဲ့ ကျန်းမားရေး ဝန်ထမ်းအားလုံးအတွက် နေ့စဉ်ကုန်ကျစရိတ်၊ စားစရိတ်၊သောက်စရိတ် နောက်ပြီး သူတို့ရဲ့ အားဖြည့် အစားအစာ/ဆေးဝါးအစရှိတဲ့ နေ့စဉ်ကုန်ကျစရိတ်ကို Quarantine ဝင်ရတဲ့ ကျန်းမားရေး ဝန်ထမ်းတွေကို နေ့စဉ်ထောက်ပံ့လျက်ရှိပါတယ်။
မေး- အခုလက်ရှိအခြေအနေရ ရှမ်းပြည်နယ်အတွင်းမှာ အတည်ပြုလူနာ ၄ ဦးနဲ့ Quarantine ထားရှိသူ ၉ ထောင်ကျော်ရှိနေတယ်လို့သိရပါတယ်။ ဒီနေ့မှာရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသနှင့် ခရိုင်မြို့နယ်အလိုက် ညမထွက်ရအမိန့် ထုတ်ပြန် သွားဖို့ အကြောင်းကြားထားတာရှိတယ်လို့ သိရပါတယ် အဲ့ဒီအခြေနေကိုလဲ ရှင်းပြပေးပါအုံး။
ဖြေ- ကျွန်တော်တို့ဒီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ရှမ်းပြည်နယ်) က နေပြီးတော့ ညမထွက်ရ အမိန့်ကို ဧပြီ ၂၀ ရက်နေ့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ထုတ်ပြန်ပါတယ်။ အဓိကထုတ်ပြန်တာကတော့ ရှမ်းပြည်နယ်မှာ အတည်ပြု လူနာ(၄)ဦး ရှိပါတယ်။ အဲ့ဒီအတည်ပြုလူနာ ၄ ဦး အပြင် Community Based Facility Quarantine ထားရှိလူနာ ၄၀ဝ၈ ဦးရှိပြီးတော့ Home Quarantine ထားရှိလူက ၅၁၃၈ ဦးရှိပါတယ်။ အဲဒီ တော့အဓိက ညမထွက်ရအမိန့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရောဂါထပ်မံဖြစ်ပွားမှုမရှိစေဖို့ ကာကွယ်ထိန်းချုပ်တုံ့ပြန် ကုသရေးအတွက် အဓိက ရည်ရွယ်ပါတယ် အဲ့တော့ ဆက်လက် ပြီးတော့လဲ ရောဂါပြန့်ပွားမှု တစ်ကယ်လို့ outbreak ဖြစ်သွားတယ်၊ ပြန့်နှံ့မှုက များလာတယ်ဆိုရင် စောစောတုန်းက ညမထွက်ရအမိန့်ကို ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီးတော့ အချိန်အတိုးအလျော့ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဘာပဲပြောပြော ဒီလိုညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာလည်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပေါ့နော်။ အဲ့ဒီအချိန်မှာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တွေ/ လူနာတင်ယာဉ်တွေကိုတော့ ခွင့်ပြုထားမှာဖြစ်ပါတယ်။
မေး- ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှာ ဝန်ကြီးအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေကို ပြောပြပေးစေလိုပါတယ်။
ဖြေ- ကျွန်တော်တာဝန်ယူထားတဲ့ လုပ်ငန်း ကော်မတီကတော့ စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ၊ နောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၊ နောက် ဘဏ္ဍာငွေကြီးကြပ်ရေး ကော်မတီ ဆိုပြီးတော့ ကျွန်တော်ဒီ(၃)ခုမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီက ဘာတွေဆောင်ရွက်သလဲဆိုရင် (၂)ပိုင်းရှိပါတယ်။
ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ဝင်ငွေနည်းပါးပြည်သူတွေကို ထောက်ပံ့ရေး အစီအစဉ်ကို ရှမ်းပြည်နယ်က အိမ်ထောင်စု(၁)သိန်းကျော်ကို အောင်မြင်စွာ ထောက်ပံ့ပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကျူးကျော်စာရင်းတွေ၊ အိမ်ထောင်စု စာရင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ မပါတာတွေကိုလည်း ထပ်မံစာရင်းကောက်ခံပြီး ဆောင်ရွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအပိုင်းအနေနဲ့ ရှမ်းပြည်နယ်အစိုးရနဲ့ ပူးတွဲဆောင်ရွက်တဲ့ ပြည်သူ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဆိုပြီး နောက်ထပ် တစ်ခုရှိပါတယ်။ ပရဟိတအုပ်စုတွေ၊ နောက်ပြီး တောင်ကြီး မြို့ပေါ်ရှိ ပရဟိတ လူမှုအသင်းတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ဝိုင်းဝန်းပူးပေါင်း ပါဝင်တဲ့ ကော်မတီဖြစ်ပါတယ်။ အဲ့ဒီကော်မတီကတော့ စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်တွေထောက်ပံ့ဖို့ အိမ်ထောင်စု တစ်ဦးစာအတွက် ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။ လောလောဆယ် အိမ်ထောင်စု (၁)သိန်းအထက်ကို စီစဉ်ထားပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရက ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ကျွန်တော်ရယ်၊ KBZ နာယကကြီး ဦးအောင်ကိုဝင်းတို့က နာယက အဖြစ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒီဟာတွေကို ဘယ်အချိန်မှာ ထုတ်မလဲ လှူဒါန်းမလဲ၊ ထောက်ပံ့မလဲဆိုတာကတော့ ပြည်နယ်ဝန်ကြီးချုပ်တို့၊ ဆရာ ဦးအောင်ကိုဝင်းတို့ရဲ့ အရေးပေါ် ရောဂါဖြစ်ပွားမှုပြန့်နှံ့မှုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
မေး- ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ပြောပြ ပေးပါအုံး။
ဖြေ- ရှမ်းပြည်နယ်အတွက် တကယ်လို့ ရိက္ခာပြတ်တောက်သွားမှာတွေကို ကုန်ဈေးနှုန်း မတက်အောင် ဆိုပြီးတော့ ဆန်အိတ်ဂိုဒေါင်ထဲမှာ အိတ်ပေါင်း(၁)သောင်းကျော်ရှိပါတယ်။ နောက် ကုလားပဲ၊ ဆား၊ ဆီ လိုအပ်တဲ့စားနပ်ရိက္ခာတွေအတွက် သိုလှောင်ထားပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူ့ရိက္ခာ ဖူလုံရေးအတွက် ရှမ်းတောင်မှာစီစဉ်သလို ရှမ်းမြောက်၊ ရှမ်းအရှေ့ကိုလည်း စီစဉ်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ကော်မတီဖွဲ့ပြီး လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါတယ်။
မေး- ရှမ်းပြည်နယ်က တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့နဲ့ နယ်စပ် နယ်နိမိတ် ထိစပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ နယ်စပ်ကိစ္စဆောင်ရွက်နေမှု အခြေအနေတွေကိုလည်း ရှင်းပြပေး စေလိုပါတယ်။
ဖြေ- ရှမ်းပြည်နယ်က နယ်စပ်ထွက်ပေါက် ထိုင်း/ တရုတ်/လာအို နယ်စပ်ထွက်ပေါက်တွေနဲ့ နယ်နမိတ်ထိစပ်နေတဲ့ တကယ့်ကို အကြီးဆုံး ပြည်နယ် ဖြစ်ပါတယ်။ တစ်ကယ်တမ်းကျရင် ကူးစက်မှုကို အများထင်တဲ့ အတိုင်းပေါ့နော် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အကြောက်ရဆုံးလို့ ခန့်မှန်းကြတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ဆီမှာက ထင်သလောက်ဖြစ်မလာဘူးပေါ့နော်။ ဒီဖြစ်မလာဘူးဆိုတာကတော့ ဒီကျေးလက်နေ ပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှု၊ ပြည်ပပြန်တွေ ထိုင်း/တရုတ်ကပြန်လာတဲ့လူတွေကိုလည်း ဒေသခံ ကျေးရွာကနေ စနစ်တကျ Quarantine ရွာအပြင်မှာ လုပ်တာ၊ စာသင်ကျောင်းတွေမှာလုပ်တာ၊ စနစ်တကျပြည်သူလူထုရဲ့ ကျေးလက် နေပြည်သူလူထုရဲ့ ကျန်းမာရေး အသိဉာဏ်မြင့်မားပြီး ပူးပေါင်းပါဝင်မှုကြောင့်လည်း ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။
နယ်စပ်က ဝင်ရောက်မှု တွေကိုလည်း ကျေးရွာက စနစ်တကျ ထိန်းချုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ် လို့ပြောလို့ရပါတယ်။ အခု ရှမ်းပြည်နယ်မှာ Positive လူနာ ၄ ဦးရှိနေပြီး သူနဲ့ ထိတွေ့ခဲ့တဲ့သူ တွေကိုလည်း ကျွန်တော်တို့ရဲ့ အဓိကရန်သူဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် က လက်တစ်ကမ်း အလိုမှာရောက်နေပါတယ် ။ အဲဒီတော့ ဒီ Quarantine က အချင်းချင်း ဒီရောဂါ Positive လူနာကိုလည်း ကြောက်စရာမလိုဘူး၊ စောင့်ကြည့်လူနာကိုလည်း ကြောက်စရာမလိုဘူး၊ အဓိက က ကျွန်တော် တို့ရန်သူကိုပဲ ကြောက်ရမှာ။ ဒီရန်သူကို ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမပူးပေါင်းပြီး တိုက်ထုတ်နိုင်မှသာလျှင် ဒီကပ်ကြီးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
မေး- ရှမ်းပြည်နယ်ပြည်သူလူထုအပေါ် ကိုဗစ်-၁၉ ရောဂါနဲ့ စပ်လျဉ်းပြီး အသိပေးလိုတာ တွေရှိရင် ပြောကြား ပေးစေလိုပါတယ်။
ဖြေ- ဘာပဲပြောပြော ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မိဘပြည်သူ အပေါင်းအနေနဲ့ မိမိတို့ပတ်ဝန်းကျင်မှာ Positive လူနာနဲ့ ထိတွေ့ခဲ့သည်ရှိသော် ဒါမှမဟုတ် မိမိရဲ့ ပတ်ဝန်းကျင်မှာ သံသယလူနာလို့ ထင်ရတဲ့သူရှိခဲ့သော် ကျွန်တော်တို့ နီးစပ်ရာ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ မိမိရဲ့ကိုယ်ပိုင်အသိစိတ်နဲ့ သွားရောက်ပြီး Quarantine ဝင်တာဟာ အကောင်းဆုံး ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နိုင်ငံကြီးသားလည်း ပီသပါတယ်။ တိုင်းပြည်တာဝန်ကိုလည်း ထမ်းဆောင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ လေးလေးစားစား ပြောကြားလိုပါတယ်၊ တိုက်လည်းတိုက်တွန်းပါတယ်။
တွေ့ဆုံမေးမြန်း- စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)
