ဆီဆိုင် ၁၇ ဇူလိုင်
ဒေသခံပြည်သူများ ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာ၊ နောင်ထော်-ပွန်ချောင်း ၃ မိုင် ၂ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါလမ်းမုခ်ဦးနေရာ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လမ်းဖွင့်ပွဲတွင် ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုဉက္ကဋ္ဌ၊ ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(PPDC)ဉက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဉက္ကဋ္ဌ ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(PPDC)ဉက္ကဋ္ဌ ဦးခွန်မြင့် ထွန်းတို့က လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာထပ်ပိုးလွှာလမ်းပိုင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိးရသည်။
အဆိုပါ နောင်ထော်-ပွန်ချောင်း ၃ မိုင် ၂ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ယင်းလမ်းပေါ်ရှိ ၁၀ ပေ Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ရန်ပုံငွေ ကျပ်(၃၂၂.၄၁၃)သန်းဖြင့် ဓနုမင်းသားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောင်ထော် ကျေးရွာအုပ်စုနှင့် ကဒူးကြီးကျေးရွာအုပ်စုတို့မှ အိမ်ခြေ(၁၆၇၃)အိမ်၊ လူဦးရေ(၇၆၈၁)ဦးတို့အား အကျိုးပြုသည့်လမ်းဖြစ်ကြောင်း သိရသည်။
နောင်ထောင်-ပွန်ချောင်းလမ်းပိုင်းသည် မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုသို့ အဓိက ဆက်သွယ်သည့် လမ်းပိုင်းဖြစ်ပြီး ထိုမှတစ်ဆင့် လင်းခင်း-ဝမ်စလောင်း-တာဆွတ်တိန်း-ဟိုမိန်းလမ်းမကြီးအား ဆက်သွယ်ပေါက်ရောက်သည့် လမ်းဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


