တောင်ကြီး ၁၄ ဇွန်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

mdn

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်အတွင်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းစေရေး ပြည်နယ်အတွင်း ဒေသများအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးအခြေခံ ကောင်းများရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် မျှတမှန်ကန်စွာ စိစစ်အသုံးပြုရေး၊ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်စေရေးစသည့် မူဝါဒများအပေါ် အခြေခံပြီး ပြည်နယ်အစိုးရအနေဖြင့် နှစ်အလိုက်ဆောင်ရွက်ရမည့် ဦးစားပေး ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်း မီဒီယာများအား ပြောကြားလိုသည်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၁၈-၂၀၁၉ တတိယတစ်နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး အချို့ကဏ္ဍများတွင် အားသာချက်များ တွေ့ရှိမည်ဖြစ်သကဲ့သို့ အချို့ကဏ္ဍများတွင် အားနည်းချက်များလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ တတိယတစ်နှစ်တာကာလတွင် တွေ့ရှိကြရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူ၍ လာမည့် ၂၀၁၉− ၂၀၂၀ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သတင်းမီဒီယာဌာနများအနေဖြင့် မဏ္ဍိုင်(၃)ရပ်၏ ဆောင်ရွက်ချက်များကို အပြန်အလှန် နားလည်မှုများနှင့် အများပြည်သူအကျိုးစီးပွား ဆိုသည့် အခြေခံအပေါ်မူတည်ကာ အပြုသဘောဆောင်သော သတင်းများ၊ သတင်းဓာတ်ပုံ၊ ဗီဒီယိုများ ရေးသားရိုက်ကူးဖော်ပြကြရန် အလေးနက်တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ သတင်းမီဒီယာဌာနများဖြစ်သည့် ရွှေတြိဂံတိုင်း၊ ကမ္ဘောဇတိုင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ The People Voice၊ DVD၊ မြန်မာတိုင်း၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလွင်သွေးချင်း၊ MRTV NRC၊ ရွှေမောင်းဂျာနယ်၊ သျှမ်းသံတော်ဆင့်၊ MNTV၊ တောင်ကြီး ဂျာနယ်၊ 7 Day Daily သတင်းမီဒီယာဌာနများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)