တောင်ကြီး ၂၃ မတ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြတ်ဗုဒ္ဓသာသနာ (၂၆၀၇) နှစ် တောင်ကြီးအထူးဓမ္မသဘင်ပွဲကို မတ် ၂၂ ရက်ည ၇ နာရီက တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်တော်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး ဓမ္မပူဇာသဘင်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလှူရှင်များမှ လှူဒါန်းငွေကျပ် စုစုပေါင်း (၄၄၇) သိန်း (၅) သောင်းတို့ကို ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ကော်သင်္ခသုသန်တရားရေးအေး တိုက်ကျွေးဟောကြားတော်မူပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ တရားနာဧည့်ပရိသတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


