မောက်မယ် စက်တင်ဘာ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့နေသော ဒေသခံပြည်သူများအား အကူအညီရိက္ခာများ အမြန်ဆုံးပို့ဆောင်နိုင်ရေး၊ လင်းခေးခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၃၀၀)အိတ်၊ ဆီ(၂၀၀)ပိဿာကို ထောက်ပံ့ပေးအပ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေနှင့် အစီအမံများကို လည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က မောက်မယ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လာသော ဆန်၊ ဆီရိက္ခာများအား ဝန်ကြီးကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံမြို့မိရမြို့ဖများတို့က ထိခိုက်ျက်စီးခဲ့သည့် လမ်း၊ တံတား၊ ဆည်၊ လျှပ်စစ်မီး၊ စာသင်ကျောင်း၊ အဆောက်အဦ ကိစ္စရပ်များဆွေးနွေးတင်ပြရာ ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်မှုတို့နှင့်ပတ်သက်၍ ပြန်လည်လမ်းညွှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ပျက်စီးသွားသည့် ရပ်ကွက်ချင်းဆက် ကိုယ်ထူကိုယ်ထ မိုက်ဟုန်းတံတား ပြန်လည်ပြုပြင်ထားသည့်အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)