တာချီလိတ် ၂၅ မတ်
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ မြန်-ထိုင်း ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများမှ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများကို မတ် ၂၅ ရက်တွင် စနစ်တစ်ကျ ပြန်လည်လက်ခံလျက်ရှိသည်။
ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများက COVID-19 ကြောင့် မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာလျက်ရှိရာတွင် ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်ခရိုင်နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ ညှိနှိုင်းသဘောတူညီချက်အရ ယခုကဲ့သို့ ပြန်လည်လက်ခံခြင်းဖြစ်သည်။
ပြန်လည်စိစစ်လက်ခံရာတွင် အလုပ်သမားများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နေရပ်လိပ်စာများ ကောက်ခံခြင်း၊ မိမိတည်းခိုမည့် အိမ်၊ သတင်းပို့ရမည့် နေရာဌာန၊ နေရပ်လိပ်စာ ကောက်ခံခြင်းနှင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ(၁၄)ရက်ခန့် သီးခြားနေထိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ရန် စသည့် အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
နေရပ်ပြန်များ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းပေါင်းစုံ ဖွင့်လှစ်ပေးထားပြီး ခရီးသည်များအား ကျသင့်သောဈေးနှုန်းထက် ငွေကြေးပိုမိုကောက်ခံခြင်း မပြုကြရန် ညွှန်ကြား၍ COVID-19 ကျန်းမာရေး ကြိုတင်ကာကွယ်မှုကို စနစ်တစ်ကျ စစ်ဆေးလျက်ရှိကြောင်း၊ နေရပ်ပြန်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စနစ်တစ်ကျ စာရင်းကောက်ခံ၍ ပြည်နယ်အစိုးရထံသို့ပေးပို့ပြီး ပြည်နယ်အစိုးရမှ ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ စနစ်တစ်ကျ ပြန်လည်လွှဲပြောင်းပေးခြင်းများကို စီစဉ်ဆောင်ရွက်ထားကြောင်း၊ မတ် ၂၅ ရက်တွင် ပြန်လည်ဝင်ရောက်လာသူ ၅၀၀ ခန့်ရှိကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


