နေပြည်တော်၊ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော် ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၇ ရက် နံနက် ၄ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းကျိန်ကျေးရွာအနီး မိုင်းလား-ကျိုင်းတုံသွားကားလမ်းတွင် လော်တား မောင်းနှင်လာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၀၄၇ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ကျိုင်းတုံမြို့ နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)