နေပြည်တော် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၃,၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်း ကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းစံလှ (ဘ) ဦးအိုက်ဆာ၊ ၃၂ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူ မောင်းနှင်ပြီး စိုင်းဝန်းခေါင် (ဘ) ဦးစိုင်းနမ်းရှဲန်၊ ၁၈ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူ လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းဆိုင်အွန် (ခ) အိုက်ဆိုင် (ဘ) ဦးစိုင်းခမ်းပါ၊ ၂၄ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူနှင့် စိုင်းညွန့် (ဘ) ဦးကျော်အောင်၊ ၂၁ နှစ်၊ မိုင်းပျဉ်းမြို့နယ်နေသူတို့ ၂ ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား မိုင်းပျဉ်းမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်