ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၀ ကီလို နှင့် ကက်တမင်း ၅၉ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိစိတ်ပြောင်းဆေး အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁၂၀ နှင့် ကက်တမင်း ၅၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက် နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်တွင် စိုင်းတစ် မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ကက်တမင်း ၅၃ ကီလိုနှင့် အိုက်စ် (မက်သ်အဖက် တမင်း)  ၁၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူစိုင်းဆမ်(ဘ)ဦးထမ်ဝုန်းအား နံနက် ၇ နာရီတွင် ကျိုင်းတုံမြို့၊ အကောက်ခွန်ရုံးရှေ့၌ မော်တော်ဆိုင်ကယ်တစ်စီး၊ အိုက်စ်(မက်သ်အဖက် တမင်း) ကီလို ၄၀ နှင့်လည်းကောင်း၊ စိုင်းဆမ်(ဘ)ဦးဖျာဝန်း နံနက် ၇ နာရီခွဲတွင် ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း၊ ကျိုင်းတုံမြို့အထွက်တိုးဂိတ်၌ မော်တော်ဆိုင်ကယ်တစ်စီး၊ အိုက်စ်(မက်သ်အဖက်တမင်း) ၆၆ ကီလို၊ ကက်တမင်း ၆ ကီလိုနှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေး အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁၂၀ နှင့် ကက်တမင်း ၅၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(သတင်းစဉ်)