နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ အတွင်းခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ပြင်ပလူနာဌာနနှင့် အတွင်းလူနာလက်ခံကုသနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းနှီးစွာ တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဖြစ်ကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း၊ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရန်နှင့် ကုသရေးလုပ်ငန်းများကိုလည်း ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံသို့ အလှူငွေပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မိုင်းယောင်းမြို့နယ် ကုသရေးဦးစီးဌာနမှူးက ဆေးရုံလုပ်ငန်း ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှုနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ၏ တိုးချဲ့လူနာဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည့် ဆေးပစ္စည်းကိရိယာများကို အမြန်ဆုံး တင်ပြတောင်းခံ၍ ဖြည့်ဆည်းဆောင်ရွက်သွားရန်နှင့် တိုးချဲ့လူနာဆောင်သစ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး မှာကြားခဲ့ပြီး တာဝန်ရှိသူများ ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံသို့ အလှူငွေပေးများပေးအပ်သည်။ ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအနေဖြင့် မိုင်းခတ်မြို့နယ်တွင် ၇၇ ရာခိုင်နှုန်း ရှိပြီး မိုင်းယောင်းမြို့နယ်တွင် ၇၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
(သတင်းစဉ်)


