နေပြည်တော်၊ ၂၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ငွေကျပ် ၃၄ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် ကီလို ၁၇၁၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံ-မိုင်းဖြတ်သွားကားလမ်း၊ တာကျောက်ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ အားလာ(၂၄)နှစ် မောင်းနှင်ပြီး ဒီအယ် (၃၆)နှစ်နှင့် စိုင်းယီတစ်(၃၂)နှစ် တို့လိုက်ပါလာသည့် DUMP TRUCK အမျိုးအစား မြေသယ်ယာဉ်ကို သတင်းအရ ရပ်တန့်ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၃၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (Crystal Methamphetamine) ၁၇၁၀ ကီလို၊ ပစ္စတိုသေနတ်(၃)လက်၊ ၎င်းကျည်(၂၇)တောင့်ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်များအရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား မိုင်းခတ် မြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)