တာချီလိတ် ၁၃ ဇွန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ် ပြည်သူလူ ထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယန်း၊ မိုင်းခတ်၊ တာချီလိတ်ဒေသများရှိ ရှမ်း၊ လားဟူ၊ အာခါ၊ ပလောင်၊ ဝ စသည့် တိုင်းရင်းသားများနေထိုင်ရာ ဒေသများရှိ အခြေခံပြည်သူများအား ဆန်အိတ်များ၊ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများပါဝင်သည့် စားနပ်ရိက္ခာထုပ်များ ဆက်လက်ထောက်ပံ့ပေးအပ်သည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် တာချီလိတ်မြို့မှတစ်ဆင့် မိုင်းယန်း၊ မိုင်းခတ်၊ ဒေသများရှိ တိုင်းရင်းသား အခြေခံ ပြည်သူလူထုအတွက် ဆန်အိတ်(၁၅၀)ကို ပေးပို့လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဖုန်းကျေးရွာ ပါခုတ်နို ဘုန်းတော်ကြီးကျောင်းတွင် ရှမ်း၊ လားဟူ၊ အာခါ တိုင်းရင်းသား အခြေခံ ပြည်သူများအား စားနပ်ရိက္ခာ ထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကိုလည်းကောင်း၊ ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်း၌ တိုင်းရင်းသား အခြေခံ ပြည်သူများအား စားနပ် ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကိုလည်းကောင်း၊ မယ်ယန်းကျေးရွာ၌ တိုင်းရင်းသား အခြေခံ ပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကိုလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ရွာသို့ ရောက်ရှိပြီး ရှမ်း၊ လားဟူ၊ အာခါ တိုင်းရင်းသား အခြေခံ ပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီကို လည်းကောင်း၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ကျေးရွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း ပေးအပ်လှူဒါန်းကာ အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၁၀၀)နှင့် ဆန်အိတ် (၃၀)၊ ဆီ (၁၀)ပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တာချီလိတ်ခရိုင် မိုင်းဟဲ၊ လွယ်တော်ခမ်း၊ တာလေ၊ ကျိုက်လတ်၊ မိုင်းပါလျိုးကျေးရွာများရှိ ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသား အခြေခံ ပြည်သူလုထုအတွက် ဆန်အိတ်(၁၅၀) အား တာချီလိတ်မြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးညွှန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


