နေပြည်တော်၊ နိုဝင်ဘာ ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၈၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီ လိတ်မြို့နယ်၊ ဝမ်တုံကျေးရွာ အနီး၊ ဝမ်တုံ-မယ်ဆိုင်ရေချောင်းသွား ကားလမ်းတွင် ဝမ်တုံဘက်မှ မယ်ဆိုင်ရေချောင်းဘက်သို့ စိုင်းဆုတ်(ခ)စိုင်းကျော် မောင်းနှင်ပြီး စိုင်းစိုင်း(ခ)အိုက်ကျိုင်း (ခ)စိုင်းဖွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂,၈၃၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံး ၅၄ တုံး၊ အလေးချိန် ၁၈ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှ မြန်မာ-လာအိုနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)