တောင်ကြီး ၁၉ မတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a12113

 

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ) မှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံမှ တာဝန်ခံများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(တောင်ကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(လားရှိုး) ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ) ဒေါက်တာဘစိုးသက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်တို့က COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများအကြောင်း ရှင်းပြကာ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့သည်။

 

အစည်းအဝေးတွင် COVID-19 အဆုတ်ရောင်ရောဂါ သံသယလူနာတွေ့ရှိမှု အခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

စိုင်းသန်းကျော် (တောင်ကြီး)