နေပြည်တော် ဒီဇင်ဘာ ၄
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ထုတ်လုပ်မှုဖြစ်စေရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက အောင်ပန်းမြို့၊ သုတေသန ဗဟိုဌာနသို့သွားရောက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ဒေသအလိုက်၊ သီးနှံအလိုက် တောင်သူအကျိုးစီးပွား ဖြစ်ထွန်းစေမည့် သီးနှံပုံစံ အစီအမံများ ရေးဆွဲချမှတ်ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီပြီး ရောဂါ ဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများနှင့် နည်းပညာများဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝန်ရှိသူများ အပိုင်းက ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များနှင့် သီးထပ်သီးညှပ် တိုးမြှင့်စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ ရေငတ်ဒဏ်ခံ အထွက်ကောင်း ဂျုံမျိုးများ စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဟဲဟိုးနှင့်ဒီးမော့ဆို (ပထမနှစ်) ဝင်ခွင့်ရရှိသော ကျောင်းသား ကျောင်းသူများ လက်ခံထားရှိမှု နှင့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အသေးစား ဓာတ်ခွဲခန်းနှင့် မွေးမြူရေးခြံများ တည်ဆောက်ထားရှိမှု၊ နွား၊ ဝက်၊ ဥစားကြက်၊ အသား တိုးကြက်၊ ဆိတ်များမွေးမြူရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ် ဆေး သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ထုတ်လုပ် နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးကြပြီး ရှမ်းပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဘေးဒုက္ခခံစားနေရသောဒေသရှိ ပြည်သူများထံ အာဆီယံ အပေါင်း သုံး အရေးပေါ်ဆန် ရိက္ခာအစီအစဉ်-၃ အရ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာများကို ဒုတိယဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ် သည်။
သတင်းစဉ်