တောင်ကြီး ၂၃ ဇွန်

ရှမ်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာရပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများမှတစ်ဆင့် အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

ရှမ်းပြည်နယ်အတွင်း သောက်သုံးရေခက်ခဲမှု ပြဿနာများ၊ တိုက်ပွဲရှောင်သူများအတွက် လိုအပ်ချက်များ၊ လေပြင်းတိုက်ခတ်မှုများ၊ လေထုညစ်ညမ်းမှု ဘေးအန္တရာယ်များ၊ မြေပြိုခြင်းနှင့်တောင်ပြိုခြင်းများ၊ ရေကြီးရေလျှံခြင်းများနှင့် ကြွက်များဖျက်ဆီးခြင်းများ ယခုနှစ်များအတွင်းဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တင်ပြလာသည့် အခက်အခဲများအလိုက် အကူအညီများ ပေးအပ်ခြင်းကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင် ကပြောကြားသည်။

“သဘာဝဘေးအပါအဝင် ပြည်သူတွေရဲ့ လိုအပ်ချက်၊ အခက်အခဲတွေကို တင်ပြလာတိုင်းမှာ အချိန်မဆိုင်း ကူညီပေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ဌာနက တိုက်ရိုက်မြေပြင်အထိဆောင်ရွက်တာရှိသလို သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်၊ ခရိုင်တွေအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင်ဌာနဆိုင်ရာတွေ စုစည်းဖွဲ့ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွေရှိပါတယ်။ ဒါတွေကို ဆက်သွယ်ပြီးတော့ အခက်အခဲတွေကို အမြန်ဆုံးတင်ပြလာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟု ဦးစိုးနိုင်ကပြောကြားသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

“ဒီနှစ်အတွင်းမှာတော့ ခွင့်ပြုငွေကျပ် သန်း ၁၃၄ ဒသမ ၂သန်းနဲ့ မုန်တိုင်းအကာအကွယ် အဆောက်အအုံ ( Cyclone Shelter) တစ်ခုကို တည်ဆောက်တာရှိပါတယ်။ ဒါ့အပြင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၇၄၇  ဒသမ ၂၁၇ သန်းနဲ့ ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှုလုပ်ငန်း သုံးခုရှိပါတယ်။ ထပ်မံပြီးတော့လည်း ချောင်းရေကြီးမှုကနေ ကာကွယ်တားဆီးဖို့အတွက် ကြိုတင်ကာကွယ်ရေးအနေနဲ့ အလား ၂၂၅ ပေရှိတဲ့ ကျောက်စီနံရံ တစ်ခုကိုလည်း တည်ဆောက်ပေးနေပါတယ်”ဟု ဦးစိုးနိုင်က ရှင်းပြသည်။

အဆိုပါလုပ်ငန်းများအား သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး အဆိုပါလုပ်ငန်းများအားလုံးမှာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရှိရသည်။ 

ရှမ်းပြန်/ဆက် သတင်းအဖွဲ့