တောင်ကြီး ၂၅ နိုဝင်ဘာ
ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံကွန်ပျူတာ ဘာသာရပ်များအား နားလည်တတ်ကျွမ်းစေရန်နှင့် e-government ဖော်ဆောင်ရာတွင် ဌာနဆိုင်ရာအသီးသီးမှ လိုက်ပါဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး နိုဝင်ဘာ(၂၅)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ရှမ်းပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာများအား e-government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် သန့်ရှင်းသောအစိုးရ(clean government) ကောင်းမွန်သောအုပ်ချုပ်မှုစနစ်(good governance) ဖြစ်ပေါ်စေရေးသည် အလွန်အရေးကြီးသော အခြေခံအချက်ဖြစ်သောကြောင့် ရုံးဌာနများ၌လုပ်ငန်းများဆောင်ရွက်ရာတွင် e-government စနစ်ဖြင့်စနစ်တကျ ဆောင်ရွက်နိုင်ခြင်းသည် ဒီမိုကရေစီ၏ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ယနေ့စတင်ဖွင့်လှစ်၍သင်ကြားပို့ချသော e-government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းအား တက်ရောက်သင်ကြားခြင့်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံ့ဝန်ထမ်းများသည် e-government ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ပိုမိုစိတ်ဝင်စားလာပြီးမိမိတို့ လုပ်ငန်းများအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပိုမိုအထောက်အကူဖြစ်စေနိုင်သည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ကြောင်းe-government လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများမှတစ်ဆင့် ဒေသခံပြည်သူများထံ ဆင့်ပွားအသိပေးနိုင်ခြင်းဖြင့် နိုင်ငံတော်မှရှေ့ဆက်မည့်လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး သန့်ရှင်းသောအစိုးရ (clean government) ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (good governance) အတွက်များစွာအထောက်အကူပြုမည်ဖြစ်၍ အလေးအနက်ထားကာ လေ့လာမှတ်သား သွားကြရန် ပြောကြားသွားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ နည်းပြဆရာ/ဆရာ မများသင်တန်းသူသင်တန်းသားများ တက်ရောက်ကြပြီး၊ သင်တန်းကိုနိုဝင်ဘာ(၂၅)ရက်မှ(၂၉)ရက်နေ့အထိဖွင့် လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


