လောက်ကိုင် ၁၃ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဒေါက်တာတင်မောင်ညွှန့်မှ ဆေးပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် ဒေါက်တာတင်မောင်ညွှန့်တို့က ကျပ်သိန်း (၃၆၀)တန်ဖိုးရှိ ICV Ventilator အသက်ရှူစက် (၁)လုံး၊ ကျပ် သိန်း(၁၈၀) တန်ဖိုးရှိ ICV Ventilator Portable သယ်ရလွယ်ကူသော အသက်ရှူစက် (၁)လုံးနှင့် UNICEF မှ လှူဒါန်းသည့် လက်ဆေးဘေစင်များကို ပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်၊ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်၊ ခရိုင်ဆေးရုအုပ်ကြီး ဦးဇော်ထွန်းငြိမ်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးတို့က လက်ခံရယူခဲ့သည်။ ထို့နောက် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် ဒေါက်တာတင်မောင်ညွှန့်တို့က ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)


