နေပြည်တော် ဖေဖော်ဝါရီ ၁၀
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ် ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အဆိုပါတရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့များက တက်ကြွစွာဖြင့် တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေး ဖော်ထုတ်ဖမ်းဆီးမှုများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများ ဆောင်ရွက်နေသူများအား လုံခြုံရေးဆောင်ရွက်ပေးနေသူ ငါးဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီးနှစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ အလုံး ၂၆၀၊ Laptop ၂၅ လုံး၊ Desktop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက် နှစ်လုံး၊ Starlink ခုနစ်လုံး၊ လက်နက်မျိုးစုံ ခုနစ်လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ငါးလုံး၊ မော်တော်ယာဉ်မျိုးစုံ သုံးစီး၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော် အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ဆောင်နေသူများနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တင်းတင်းကျပ်ကျပ် စုံစမ်း ဖော်ထုတ်လျက်ရှိပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်