လားရှိုး ၇ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှုဖြင့် မေ ၆ ရက်နေ့မှစတင်ကာ လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် ဇွန်လ(၇)ရက်နေ့၌ နေရပ်ပြန် အမျိုးသား (၁၇၄) ဦး၊ အမျိုးသမီး ( ၈၆) ဦး စုစုပေါင်းဦးရေ ၂၆၀ တို့အား ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ ၂၆၀ တွင် ကချင်ပြည်နယ်မှ (၃၆)ဦး၊ ချင်းပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၁၃) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၆၀)၊ မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ မန္တလေး တိုင်းဒေသကြီးမှ(၂၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး၊ ရခိုင်ပြည်နယ်မှ (၃)ဦး၊ နေပြည်တော်မှ(၁)ဦး ဧရာဝတီတိုင်းဒေသကြီးမှ (၁၃)ဦး တို့ဖြစ်ကြသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေ ၆ ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် ဇွန် ၇ ရက်နေ့အထိ နေရပ်ပြန် ပြည်သူ အမျိုးသား(၅၈၉၃)ဦး၊ အမျိုးသမီး (၃၄၇၈)ဦး စုစုပေါင်း (၉၃၇၁)ဦးတို့အား လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင်ပေးရာတွင် ညအိပ်တည်းခိုရေး အတွက် ပညာရေးကောလိပ်တွင် စီစဉ်ထားရှိပေးပြီး ကျန်းမာရေးစစ်ဆေးခြင်းများ၊ စားသောက်ရေး ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လားရှိုးခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနိူင်းမှုဌာန (တွဲဖက်ပြည်နယ်ရုံး) လားရှိုးမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည်များ ကိုပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)


