လားရှိုး ၁၄ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဇွန် ၁၄ ရက်တွင် အမျိုးသား (၁၇၅)ဦး၊ အမျိုးသမီး (၁၆၆)ဦး စုစုပေါင်း (၃၄၁)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် ပြည်သူ (၃၄၁)ဦးတို့တွင် ကချင်ပြည်နယ်မှ (၅)ဦး၊ ချင်းပြည်နယ်မှ (၁၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၄)ဦး၊ နေပြည်တော်မှ (၁၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၇၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၅)ဦး၊ ရခိုင်ပြည်နယ်မှ (၁၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၅)ဦးတို့ ဖြစ်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ထပ်ဆင့်လွှဲပြောင်းပေးလျက်ရှိရာတွင် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနိုင်းမှုဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
နေရပ်ပြန်ပြည်သူများကို လားရှိုးမြို့မှတစ်ဆင့် မြန်မာ့မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာတွင် မေ ၆ ရက်မှ ဇွန် ၁၄ ရက်အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၆၃၅၈)ဦး၊ အမျိုးသမီး (၃၈၉၁)ဦး စုစုပေါင်း (၁၀၂၄၉)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းသန္တာဦး (ပြည်နယ် ပြန်/ဆက်)


