လားရှိုး ၃၁ မေ
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထား ခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပါသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့ ၊ လောက်ကိုင်မြို့ နှင့် ချင်းရွှေဟော်မြို့ များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာတွင် မေလ(၃၁) ရက်နေ့၌ နေရပ်ပြန်ပြည်သူအမျိုးသား(၂၄၇)ဦး ၊ အမျိုးသမီး (၁၇၁)ဦး စုစုပေါင်း (၄၁၈)ဦး တို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ နေရပ်ပြန် ပြည်သူ (၄၁၈)ဦး တို့တွင် ကချင် ပြည်နယ်မှ(၉)ဦး ၊ ချင်းပြည်နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၉)ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ (၂၁၇)ဦး၊ မကွေးတိုင်း ဒေသကြီးမှ (၃၉)ဦး မန္တလေးတိုင်းဒေသကြီးမှ(၃၅)ဦး ၊ ရခိုင် ပြည်နယ်မှ (၄၇)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂) ဦး ၊ ရှမ်းပြည်နယ်မှ(၁)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၈)ဦး တို့ဖြစ်ကြသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ အမျိုးသား (၅၃၆၂)ဦး ၊ အမျိုးသမီး (၃၁၈၆)ဦး စုစုပေါင်း (၈၅၄၈)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့၌ ခေတ္တညအိပ် တည်းခိုနိုင်ရေးအတွက် ပညာရေးကောလိပ်တွင်စီစဉ်ထားရှိကာ စားသောက် ရေးကိစ္စရပ်များ ၊ ကျန်းမာရေးစစ်ဆေးခြင်းများ ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ဆောင်ရွက် ပေးခြင်းတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် လားရှိုးခရိုင် နှင့်မြို့နယ် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ညှိနိူင်းမှုဌာန (တွဲဖက်ပြည်နယ်ရုံး)လားရှိုးမှ တာဝန်ရှိသူများ ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိ သူများ ၊မြို့နယ် ပုဂ္ဂလိက ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ ၊ ပရဟိတ အသင်းအဖွဲ့များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ပူးပေါင်း ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)


