တန့်ယန်း၊   ၂၅  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၌ သောက်သုံးရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှစ၍ စမ်းသပ်စစ်ဆေးပေးလျက် ရှိသည်။

 

စစ်ဆေးပေးရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂  ဒေါ်ယဉ်သွယ်အောင်နှင့် ဝန်ထမ်းများက ကျေးရွာများအလိုက် ရေထွက်ပင်ရင်းမှ ရေနမူနာများရယူကာ အီးကိုလိုင် ဗက်တီးရီးယားပိုးနှင့် အညစ်အကြေးများ ပါဝင်မှုရှိမရှိကို ၂၄ နာရီအတွင်း စစ်ဆေးပေးခြင်းဖြစ်သည်။

 

အဆိုပါ သောက်သုံးရေ အရည်အသွေး စမ်းသပ်စစ်ဆေးခြင်းကို ဝမ်းပျက်၊ ဝမ်းလျှောနှင့် အခြားသော ရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း က ပြောသည်။

 

တန့်ယန်းမြို့နယ်တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက် နမ့်ကျင်း၊ မန်ပန်၊ နားတုန်၊ နားလူ၊ ကတ်ပန်၊ နမ့်မိုက်ဟိုင်း၊ ပုံဟောင်းခူး၊ နောင်ပိတ်၊ နားဟင်၊ နားညု၊ ပန်လော့၊ လုပ်ကွက် စသည့်ကျေးရွာ ၁၂ ရွာမှ အသုံးပြုလျက်ရှိသည့် ရေထွက်ပင်ရင်းများ၏ ရေများကို စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)