လားရှိုး ၂ အောက်တိုဘာ
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီ တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)မှာ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီက လားရှိုးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
COVID-19 ရောဂါကူးစက်ခံရသူများအား ကုသနိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀) ကို အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီက လားရှိုးမြို့ရှိ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်၊ လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုအားပေးစကားများ ပြောကြားသည်။
ယင်းနောက် ခရီးစဉ်အတွင်း အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကမ္ဘောဇ ဘဏ် လီမိတက်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သိန်းစီကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် လားရှိုးမြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များက ထောက်ပံ့ငွေ၊ ကျန်းမာရေးသုံး ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀)မှာ လားရှိုးပြည်သူ့ဆေးရုံကြီးမှ (၅)ဦး၊ နမ္မတူမြို့နယ် မိုင်းရင်တိုက်နယ်ဆေးရုံမှ (၁)ဦး၊ နမ္မတူပြည်သူ့ဆေးရုံမှ(၁)ဦး၊ သီပေါပြည်သူ့ ဆေးရုံမှ(၃)ဦး၊ မူဆယ်ပြည်သူ့ ဆေးရုံမှ(၃)ဦး၊ နမ့်ခမ်းမြို့နယ် ဆာလုတိုက်နယ်ဆေးရုံမှ (၁)ဦး၊ နမ့်ခမ်းပြည်သူ့ ဆေးရုံမှ(၂)ဦး၊ လောက်ကိုင်ပြည်သူ့ဆေးရုံမှ(၂)ဦး၊ ကျောက်မဲမြို့ အေးသာယာRHC မှ (၁)ဦး၊ မိုင်းလုံ RHC မှ (၁) ဦးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ သွားရောက်ကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား လားရှိုးမြို့ရှိ ဒေသခံပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့အထွက် မုခ်ဦးတွင် ဂုဏ်ပြု ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)