ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ထွက်ရှိသည့် ပန်းနှမ်းများ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာ

မန္တလေး၊ ၂၄ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများမှ ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ပန်းနှမ်း (Niger Seed) များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပန်းနှမ်းကို အန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိပြီး ဒုတိယအများဆုံးအဖြစ် တရုတ်နိုင်ငံမှ ဝယ်ယူကြကြောင်းနှင့် ပြီးခဲ့သည့်နှစ် ယခုလိုရာသီချိန်တွင် ၄၅ ပိဿာဝင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၇၀၀၀၀ နှုန်းအထိ အဖွင့်ဈေးမြင့်တက်လျက်ရှိသည့်အပြင် ရာသီဥတုမျှတသည့်အတွက်လည်း အထွက်နှုန်း အသင့်အတင့် ကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

“ဒီပန်းနှမ်းကို ပြည်တွင်းပြည်ပမှ ဝယ်ယူကြပြီး ပြည်တွင်းမှာတော့ ဆီကြိတ်ပြီး တချို့ မုန့်လုပ်ငန်းတွေမှာ ကြော်ဆီအနေနဲ့ အသုံးပြုကြတယ်။ ပြည်ပနိုင်ငံတွေမှာတော့ ဆီအဖြစ်ထုတ်လုပ်ပြီး စားသုံးရုံသာမက အလှကုန်ပစ္စည်းနဲ့ ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေမှာလည်း အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒီပန်းနှမ်းဈေးနှုန်းအနေနဲ့ လွန်ခဲ့တဲ့လေးနှစ်က ၄၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၁၁၀၀၀၀ နှုန်းအထိ ရောက်ရှိခဲ့ဖူးတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကောင်းလာရင် ဒီဈေးကိုရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီရာသီမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတခွင်မှာ အဝါရောင်ပန်းနှမ်းခင်းတွေကို ပန်းချီကားတစ်ချပ်ပမာ မြင်တွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ပန်းနှမ်းသည် ပြည်ပဝင်ငွေရှာဖွေပေးသည့် နှမ်းသီးနှံဖြစ်သည့်အပြင် တောင်ပေါ်ဒေသများ၌သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် ဒေသခံ ရှမ်းတိုင်းရင်းသားတောင်သူများမှ ၎င်းတို့အတွက် အဓိကဝင်ငွေရရှိစေနိုင်သော သီးနှံအဖြစ်ပါ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ပန်းနှမ်းကို နှစ်စဉ် စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာနောက်ဆုံးပတ်တွင် စတင်ထွက်ရှိကြောင်းနှင့် ၎င်းပန်းနှမ်းအား ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းဒေသများနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ထွက်ရှိသမျှ ပန်းနှမ်းများကို မန္တလေးဈေးကွက်မှတစ်ဆင့် ပို့ဆောင်ရောင်းချကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)