တောင်ကြီး ၂၁ မေ
ရှမ်းပြည်နယ် ပြည်သူလူထုစား စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း(၅၀ဝ၀) ပံ့ပိုးမတည်ငွေ ၊ အများပြည်သူလူထုလှူဒါန်းထည့်ဝင်ငွေ များဖြင့် ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ထားသည့် အရန်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား ကုလားပဲ၊ အထုပ်ရေ(၁)သိန်းနှင့်ကိုဗစ်-၁၉ ရောဂါ အကာအကွယ်ပစ္စည်များအား စတင်ဖြန့်ဝေထောက်ပံ့လှူဒါန်းရာ မေလ ၂၁ ရက် နံနက် (၈) နာရီတွင် တောင်ကြီးမြို့ စိန်ပန်း ရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိ အခြေခံပြည်သူလူထုများအား လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်း၊ ကမ္ဘောဇ ဘဏ်လိမိတက်၊ နာယကနှင့် ဘဏ်အရာထမ်း၊အမှုထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်၍ တောင်ကြီးမြို့နယ်အတွင်းရှိ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ အခြေခံ ပြည်သူလူထုအိမ်ထောင်စု(၁၂၂၄)စုတို့အား စားနပ် ရိက္ခာများ ဆန်၊ ဆီ၊ ဆား ကုလားပဲတို့အား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ကိုဗစ် -၁၉ ကာလအတွင်း၌ တိုင်း ဒေသကြီးပြည်နယ် အသီးသီးသို့ ပြည်ပမှပြန်လည် ဝင်ရောက်လာကြသည့် နိုင်ငံသားများနှင့် ၎င်းတို့နေထိုင်ရာနေရာ ဒေသများရှိ ပြည်သူ့ဆေးရုံများ ကျေးလက်ဆေးပေးခန်းများမှ ကျန်းမာရေး ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ ကိုယ်အပူချိန်တိုင်းကိရိယာများ၊ ဆေးရုံသုံး လက်အိတ်များ၊ မျက်မှန်နှင့် လက်သန့်ဆေးရည်များ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား ကုလားပဲများ အား ပြည်သူများတည်ရှိရာနေရာများ အရောက် နေ့စဉ်အဆက်မပြတ် သွားရောက်လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းနှင့် ရွှေတောင်ရပ်ကွက်ရှိ အခြေခံ ပြည်သူများအား ရိက္ခာများ ပေးအပ်လှူဒါန်းလျက်ရှိပြီး အခြားရပ်ကွက်ရှိ အခြေခံပြည်သူများအား မေလ ၂၈ ရက်နေ့အထိ နေ့စဉ် ဆက်လက်လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားကြောင်း ယင်းကော်မတီမှ သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ရှိ အခြားမြို့နယ်များ၊ တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများနှင့် စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာထုပ်များ သွားရောက်ထောက်ပံ့လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကော်မတီထံမှ သိရသည်။
စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)


