ဟိုပုံး ၂၈ မေ
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ မေ ၂၈ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု၊ ကောင်တယံကျေးရွာနှင့် ထီမောက်လွတ်ကျေးရွာအတွင်းရှိ အခြေခံ ပြည်သူလူထုများထံသို့ စားနပ်ရိက္ခာထုပ်များလက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု၊ ကောင်တယံ ကျေးရွာနှင့် ထီမောက်လွတ်ကျေးရွာရှိ အိမ်ထောင်စု(၈၃)စု၊ လူဦးရေ(၃၇၇)ဦးအတွက် ရိက္ခာထုပ် တစ်ထုပ်လျှင်တွင် ဆန်(၃)ပြည်၊ ဆီ(၁၈)ကျပ်သား၊ ဆား(၂၅)ကျပ်သားနှင့် ကုလားပဲ(၅၀) ကျပ်သားပါဝင်သည့် ရိက္ခာထုပ်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစောမောင်၊ မြို့နယ် ဒုတိယဦးစီးမှူး ဦးနေလင်းထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က စားနပ်ရိက္ခာထုပ်များအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


