တောင်ကြီး   ၁၃   ဇန်နဝါရီ 

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချေရးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)သည် ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ တစ်ကိုယ်ရည်မိခင်များနှင့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲများတွင် ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချေရး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး အသင်းအထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာပြုံးမိုအိ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာချယ်ရီစမ်း၊ ဒေါက်တာဝင်းမင်းသန့်နှင့် ဒေါက်တာဖြိုးသီတာစိုးတို့က အခြေခံ မျိုးဆက်ပွားကျန်းမာရေး၊ အရေးပေါ်သားဆက်ခြားနည်းလမ်းများနှင့် “မိသားစုဘဝသာယာဖို့ သားဆက်ခြားကြစို့” အသိပညာပေးခြင်းတို့ကို ဟောပြောခဲ့ကြသည်။

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချေရးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ဟောပြောပွဲများသို့ တောင်ကြီးတက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ စုစုပေါင်း ၅၅၈ ဦး၊ ဟိုပုံးအ.ထ.က (၁)တွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ စုစုပေါင်း ၂၂၂ ဦး၊ ဆီဆိုင် အ-ထ-က (၁)တွင် ပအိုဝ်း၊ လီဆူ၊ ကယန်း တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း ၃၀ဝ၊ ပင်လောင်းတွင် ရှမ်း၊ ကယန်း၊ ပအိုဝ့်း တိုင်းရင်းသားများ အပါအဝင် မြို့မိမြို့ဖများ စုစုပေါင်း ၃၁၉ ဦး၊ ညောင်ရွှေမြို့ အ-ထ-က (၂)တွင် ကျောင်းသား/ကျောင်းသူ ၂၇၈ ဦးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အင်းတိုင်းရင်းသားများ အပါအဝင် မြို့မိမြို့ဖများ စုစုပေါင်း ၁၄၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ထွန်း