နေပြည်တော် ၁၉ နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးတင်မောင်မြင့်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များရှိ တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရေး ရည်ရွယ်၍ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်နှင့် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် ဆောင်ရွက်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) သို့ ရောက်ရှိခဲ့ပြီး (၄)ထပ် အလုပ်ရုံ စာသင်ခန်းမ၊ (၃) ထပ် သင်တန်းသား အိပ်ဆောင်၊ (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ၊ စတိုဆောင်နှင့် ထမင်းချက်ဆောင်တို့ အသင့်ပြင်ဆင်ထားမှု အခြေအနေများနှင့် သင်တန်းအလိုက် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများဖြင့်  သင်ကြားပေးရန် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ကာလအလွန် သင်တန်းကျောင်း ဖွင့်ပွဲပြုလုပ်၍ သင်တန်းများဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးသည်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ပြီး သင်တန်းများ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်များ ရရှိသည်နှင့်  အသက်မွေးဝမ်းကျောင်း သင်တန်းများ ပြန်လည်ဖွင့်လှစ်မည့် စက်မှုလက်မှု သင်တန်းကျောင်း (၈)ကျောင်းတို့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ဖွင့်လှစ်ပြီး စက်မှုလက်မှု သင်တန်းကျောင်းတို့မှ ယနေ့ထိ (၅၅၀၄)ဦး သင်တန်းဆင်းပေးနိုင်ခဲ့ပြီး   အလုပ်အကိုင်ရရှိသူ (၂၁၈၇) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၃၉ ဒသမ ၇၃ ရာခိုင်နှုန်း) အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့၍ ယခု အောင်ပန်းစက်မှုလက်မှု သင်တန်းကျောင်း ဖွင့်လှစ်နိုင်ပါက ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တိုင်းရင်းသားများအတွက် အလုပ်အကိုင်များ  ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်သည်။

ထို့အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၆)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့အထိ အိမ်တွင်းမှုသင်တန်းသူ (၉၁၂၀၆) ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား/သူ (၆၀၀) စုစုပေါင်း (၉၁၈၀၆)ဦး သင်တန်းဆင်းပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိသူ (၄၁၂၁၅) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၄၄ ဒသမ ၉၀ ရာခိုင်နှုန်း) အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့သည်။

ထို့သို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ခြင်းအားဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Technical and Vocational Education and Training (TVET) နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မှု ရရှိစေမည်ဖြစ်ပြီး လူမူစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေး အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်