ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရဲ့ လည်ပတ်စရာနေရာတစ်ခုဖြစ်လာတဲ့ ခိုလမ်ရေပြာအိုင်

ယဉ်လာဒ်

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင် ခိုလမ်မြို့မှာရှိတဲ့ ခိုလမ်ရေပြာအိုင်ဟာ သဘာဝရေထွက်ပေါက်ကနေ ဖြစ်တည်လာတဲ့ ရေပြာအိုင်ဖြစ်ပြီး အခုဆိုရင် ခိုလမ်မြို့ရဲ့ အထင်ကရ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာကာ ပြည်တွင်းခရီးသွားတွေ လာရောက်လည်ပတ်နေကြတဲ့ နေရာဒေသတစ်ခု ဖြစ်လာနေပါပြီ။ 

 

ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့တစ်မြို့

 

ခိုလမ်ရေပြာအိုင်ဟာ  နမ့်စန်မြို့နဲ့ ခိုလမ်မြို့ကြားမှာ တည်ရှိပြီး နမ့်စန်မြို့ ကနေလာရင်   နာရီဝက်ခန့်ကြာမြင့်ပြီး တောင်ကြီးကနေ  ကားနဲ့လာရင်တော့ အချိန်ငါးနာရီခန့်  ကြာမြင့်မှာ  ဖြစ်ပါတယ်။ ခိုလမ်မြို့ဟာ ယခင်က ရွာအဆင့်သာဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်ကစပြီး မြို့အဆင့်သတ်မှတ်ပေးခဲ့ပြီးနောက်မှာ   ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့တစ်မြို့အဖြစ် တည်ရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့  ခိုလမ်မြို့ပေါ်မှာ မြောင်ဇီးလူမျိုး၊   ရှမ်းလူမျိုးနဲ့ လားဟူ လူမျိုးတွေနေထိုင်ကြပြီး ဘာသာစကား အနေနဲ့ ရှမ်းစကား၊   ဗမာစကားတို့ကို ပြောကြားသလို ရှမ်းစာ၊ ဗမာစာ၊ တရုတ် စာတို့ကို သင်ကြားပေးနေတဲ့   စာသင် ကျောင်းများလည်းရှိကြောင်း ခိုလမ် ရေပြာအိုင်ခရီးစဉ်ကို ဖော်ဆောင်နေတဲ့ ကိုသားငယ်က စာရေးသူကို  ပြောပါတယ်။

 

အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်လာနိုင်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်ကလည်း နောင်တစ်ချိန်မှာ ခိုလမ် မြို့ဟာ အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်လာနိုင်ကြောင်း၊ ခိုလမ်မြို့ကို ဆုံမှတ်ထားပြီး ကမ္ဘာကျော် ဟိုက်ပါရေတံခွန်၊ ကျိုင်းတောင်းရေတံခွန်နဲ့ နောင်ဖာကန်စတဲ့ ခရီးစဉ်ဒေသတွေကို တစ်ဆင့်သွားရောက် လည်ပတ်နိုင်ကြောင်း စာရေးသူ ကို ပြောပါတယ်။

“နောင်မှာတော့ ခရီးသွားအလား အလာကောင်းတဲ့ အချက်အချာကျတဲ့မြို့ ဖြစ်လာမှာပါ။ ခိုလမ်က လမ်းဆုံဖြစ်သွားတယ်။  ခိုလမ်ကနေ မြောက်ဘက်ကို နှစ်နာရီလောက်သွားရင် ဟိုက်ပါရေတံခွန်ကို ရောက်မယ်။ တောင်ဘက်ကို တစ်နာရီလောက်သွားရင် ကျိုင်းတောင်း ရေတံခွန်ကို ရောက်ပါတယ်။ ဒါတင်မက သေးပါဘူး။ ခိုလမ်ကနေ နာရီဝက် လောက်သွားရင် နောင်ဖာကန်ကိုလည်း ရောက်တာမို့ ခရီးသွားအလားအလာ ကောင်းတဲ့ အချက်အချာနေရာတစ်ခု ဖြစ်လာမှာ” လို့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

 

mdn

 

သဘာဝရေထွက်ပေါက်

 

ခိုလမ်ရေပြာအိုင် ဖြစ်ပေါ်လာပုံကလည်း ထူးခြားလှတယ်လို့ ဆိုရပါမယ်။ အေဒီ ၇၅၄ ခုနှစ်မှာ တည်ထားခဲ့တယ် လို့ဆိုတဲ့ ရှေးဟောင်းဘုရားရှိရာ နမ့်ဟူးဘုရားလိုဏ်ဂူရဲ့ အောက်ခြေကနေ ရေချောင်းနှစ်ခုဖြစ်ပေါ်လာပြီး အောက်ပိုင်းမှာ ရေချောင်းတစ်ခုအဖြစ် ပေါင်းဆုံပြီး သဘာဝရေထွက်ပေါက် တစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့တယ်လို့ ကိုသားငယ်က စာရေးသူကို ပြောပါတယ်။

“ဒါ့အပြင် ဒီဘုရားရဲ့ ထူးခြားချက်က လပြည့်လကွယ်နေ့ဆိုရင် လိုဏ်ဂူထဲကနေ မျောက်မြီးရှည်တွေထွက်လာပြီး အစာရှာထွက်ပြီး ဂူထဲကို ပြန်ဝင်သွားကြပါတယ်။ လပြည့်လကွယ်ရက် မဟုတ်ရင် ဂူထဲကနေမထွက်လာဘဲ နေတတ်တယ်လို့ ကိုသားငယ်က ဆက်ပြောပြ ပါတယ်။

“နမ့်ဟူးဘုရားလိုဏ်ဂူက ထမ်စမ်းဂူလိုမျိုးပေါ့။ အထဲမှာ ဘုရားဆင်းတု တော်တွေရှိပါတယ်။ ဂူဝကြီးကတော့ ပိတ်ထားပါတယ်။ တခြားဂူပေါက်သေးသေးလေးတွေတော့ရှိတယ်။ ဘုရားကိုလာဖူးပြီး ကျွန်တော်တို့ ရေပြာအိုင်ကို လာရောက်ရင် နာရီဝက်လောက်ပဲကြာပါတယ်။ သင်္ကြန်ကာလတုန်းကဆို ခိုလမ်ရေပြာအိုင်ဆီ ဧည့်သည်ပေါင်း ထောင်ကျော်လာရောက်လည်ပတ် ရေကစားခဲ့ကြပါတယ်။ ကားအစီးရေ ၂၀၀ ကျော် ယာဉ်ရပ်နားကွင်းမှာ ပြည့်တဲ့အထိ လာရောက်လည်ပတ်ခဲ့ပါတယ်။ ယာဉ်ရပ်နားကွင်းမှာ ရပ်လို့မရတဲ့ ကားတွေဆို လမ်းမပေါ်မှာတောင် ရပ်ရ တဲ့အထိဖြစ်ခဲ့ပါတယ်”လို့ ကိုသားငယ် က ပြောပါတယ်။

ခိုလမ်ရေပြာအိုင်နဲ့ ဆက်စပ်ပြီး ခိုလမ်ရေပူစမ်း၊ နမ့်မောင်းချောင်း ရေတံခွန်၊ နမ့်ဟူးရှေးဟောင်းဘုရား လိုဏ်ဂူတို့ဆီကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။

 

လည်ပတ်စရာနေရာတစ်ခုဖြစ်အောင် ဆောင်ရွက်

 

လက်ရှိမှာတော့ ခိုလမ်ရေပြာအိုင်ကို လာရောက်တဲ့ ခရီးသွားတွေအတွက် နားနေဖို့အဆင်ပြေအောင် စားသောက် ဆိုင်တွေအပြင် ယာဉ်ရပ်နားကွင်းနဲ့ အများသုံးသန့်စင်ခန်းတွေကို ထားရှိပေးထားပြီး ခရီးသွားတွေအတွက် လည်ပတ်စရာနေရာတစ်ခုဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ခိုလမ်ရေပြာအိုင်ဆီကို တောင်ကြီး- ဟိုပုန်း -မိုင်းပွန်- လွယ်လင်- နမ့်စန်-ခိုလမ် လမ်းကြောင်းအတိုင်း အလွယ် တကူ သွားရောက်လည်ပတ်နိုင်တာမို့ နမ့်စန်ခရိုင် ခိုလမ်မြို့က ရေပြာအိုင်ဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသား ဖော်ပြလိုက်ရပါတယ်။