နေပြည်တော်၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၇ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၉ ရက် ညနေ ၆ နာရီ ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တောင်ကြီး-တာချီလိတ် သွားကားလမ်း၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းဆိုင်ဟန် မောင်းနှင်ပြီး စိုင်းနွံလိုက်ပါလာသော Toyota Hiace မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၇၇ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)