ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် လဲချားမြို့နယ်၊ ပင်လုံ-လဲချားသွား ကားလမ်းတွင် ပင်လုံမှလဲချားဘက်သို့ ဟိန်းထက်အောင် (၃၃)နှစ် မောင်းနှင်ပြီး ဇင်လင်းမောင် (၂၈)နှစ် လိုက်ပါလာသည့် ၂၂ ဘီး တွဲကားမော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါ လာသည့် အောင်မင်းထွေး(၄၁)နှစ် မောင်းနှင်ပြီး ဟိန်းမင်းဦး(၁၉)နှစ် လိုက်ပါလာသည့် ၁၈ ဘီး တွဲကား မော်တော်ယာဉ်တို့ကို ရှာဖွေရာ တန်ဖိုးငွေကျပ် သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ အပြာရောင် သံပီပါများဖြင့်ထည့်လျက် ETHYLACETATE အရည် လီတာ ၁၅,၄၈၀ နှင့် BISMUTH(III)OXIDE အရည် လီတာ ၉,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်များအရ သိမ်းဆည်းရမိသော ဓာတုပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)