နမ့်စန်၊ ၆ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စမ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ လက်သမားပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၅)ကျေးရွာ၌ ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် နမ့်စန်မြို့နယ် အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က အမှာစကားပြောကြားပြီး နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် သက်မွေးသင်တန်း များ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်များအား သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နမ့်စန်မြို့နယ် အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်၊ လွိုင်လင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးဇေယျာမင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား ၂၀ တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


