နေပြည်တော်၊ ၃ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် (၁၉၁ ဒသမ ၆၄၇) သန်းဖြင့် ဆီဆိုင်မြို့နယ်၊ နားခိုက်/နားသံကျေးရွာအုပ်စု၊ လပ်တိုင်-ပန်အွန်း ကျောက်လမ်း (၇/၀)မိုင်အနက် (၄/၀)မိုင် ကျောက်ခင်းပြီး ကျန်(၃/၀)မိုင်မှ (၁/၄)မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိရာ ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဝင်များ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဒီဇင်ဘာ နောက်ဆုံးပတ်က ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောက်ခင်းခြင်းလုပ်ငန်း (၁/၄)မိုင်အနက် (၀/၂) မိုင် ပြီးစီးပြီဖြစ်သည်။
အဆိုပါကျောက်လမ်း(၇/၀)မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ဆီဆိုင်မြို့နယ် တစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ် များသို့ သွားလာရန် ယခင်ကထက် ပိုမိုလွယ်ကူမှုရှိပြီး ဒေသအတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာကြောင်း ကျေးရွာ အုပ်စု(၂)အုပ်စု၊ ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၁၃၁၁)အိမ်၊ အိမ်ထောင်စု(၁၃၃၈)စု၊ လူဦးရေ (၅၁၅၈) ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိမိဒေသထွက်ကုန်များအား ဈေးကွက်သို့အချိန်တိုအတွင်း အလွယ်တကူတင်ပို့ ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
လျန်ပီး(သတင်းစဉ်)


