နေပြည်တော် ဧပြီ ၃၀

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နှင့် ပင်းတယမြို့ ပတ်ဝန်း ကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်စေရေးအတွက် ယခုနှစ် မိုးရာသီတွင် စိုက်ခင်းဧက ၁၀၀၀ တည်ထောင်ရန် စိုက်ခင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရပ်စောက်မြို့နယ် မြို့မသစ်တော ပျိုးဥယျာဉ်၌ စိုက်ခင်းတည်ထောင်ခြင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်း များအတွက် သစ်မျိုး ၁၄ မျိုးဖြင့် ပျိုးပင် ၁၅၆၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ဗထူးရှိ ယာယီပျိုးဥယျာဉ်၌ ရပ်စောက်မြို့ ပတ်ဝန်းကျင်အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၈၉၀ တည်ထောင်ရန် သစ်မျိုး ၁၃ မျိုးဖြင့် နှစ်ပေအထက် ပျိုးပင်ပေါင်း ၁၁၈၀၀၀ ကျော် ရောက်ရှိထားမှုနှင့် ထိန်းသိမ်းထားရှိမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် စိုက်ခင်းတည်ထောင်ရန် မြေကျင်းတူး၊ မြေဩဇာထည့် ကျင်းဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး မိုးရာသီတွင် သစ်ပင်စတင်စိုက်ပျိုးနိုင်ရန် အသင့်အနေအထားဖြင့် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စိုက်ကွက်များအတွင်း သစ်မျိုးအလိုက် စိုက်ပျိုးမည့်အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ မွေတော် သစ်ဆိပ်သို့ရောက်ရှိပြီး တာဝန်ရှိသူများက သစ်ဆိပ်သို့ သစ်လုံးများရောက်ရှိပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ သစ်စက်များသို့ သစ်လုံးများ တင်ပို့ပြီးစီးမှုနှင့် ဆက်လက်တင်ပို့မည့် အခြေအနေများ၊ သစ်စက်များမှ သစ်ခွဲသားများအား ငလျင်ဒဏ်သင့်အင်းလေးဒေသ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ပေးပို့ထားမှုနှင့် ဆက်လက်ပေးပို့မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ သစ်စက် များ၌ သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ပတ်ဝန်း ကျင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် ကုံလုံကျောင်းအနီးရှိ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း ၈၅ ဒသမ ၅ ဧက ကိုလည်းကောင်း၊ ကျောက်စုကျေးရွာအနီးရှိ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း ရှစ်ဧက ကိုလည်းကောင်း၊ သစ်အယ်ပင်ကျေးရွာအနီးရှိ အထူးစိမ်းလန်းစိုပြည်ရေး ၆ ဒသမ ၅ ဧကကိုလည်းကောင်း၊ ပင်းတယမြို့နယ် ဝါးတရာကျေးရွာအနီး ကျောက်တောင်မြေ အထူးစိမ်းလန်း စိုပြည်ရေးစိုက်ခင်း ၁၀ ဧက တည်ထောင်ရန် ကျင်းတူး၊ မြေဖို့ ဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တင်ပြ မှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်