မိုင်းပျဉ်း     သြဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပင်မဓာတ်အားခွဲစက်ရုံအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုရာ ခွဲရုံမှူးက ဓာတ်အားခွဲရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ လျှပ်စစ်မီးလင်းရေအတွက် ၃၀ ရာခိုင်နှုန်းရရှိရန်နှင့်ကျေးလက်၊ မြို့ပြကွာဟာမှုမရှိစေရေးမှာကြားပါကြောင်းနှင့် မက်မန်းခရိုင်လည်း လျှပ်စစ်မီးရရှိပါက အဆင်ပြေမည်ဖြစ်ကြောင်း၊ ရှမ်းအရှေ့ပိုင်းအတွက် လျှပ်စစ်မီးပိုမိုရရှိနိုင်အောင် ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီး ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ကျိုင်းတုံမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ကျိုင်းတုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းတို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝမ်တာပင်း နယ်စပ်စစ်ဆးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျိုင်းတုံ-မိုင်းမ-မိုင်းလားလမ်း ၈၇ ဒသမ ၅၀ ကီလိုမီတာ ဖောက်လုပ်ပြီးစီးမှုအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး ကျိုင်းတုံမြို့၊ ယန်းကျိန်ကျေးရွာအုပ်စု၊ နောင်ငစ်ကျေးရွာတွင် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်၍ ဓာတ်မြေသြဇာ ကြဲပက်ခြင်း ကွင်းလက်တွေ့ သရုပ်ပြသမှုကိုကြည့်ရှုကြသည်။ အဆိုပါ မိုးစပါးသီးနှံ စိုက်ပျိုးမှုမှာ လျာထားဧက ၄၇၅၇၅ ဖြစ်ပြီး စိုက်ပျိုးဧက ၄၇၉၂၃ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့် တောရဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်၏ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလ၏ အန္တိမအဂ္ဂိ ဈာပနာအခမ်းအနားသို့ ဝစီပိတ်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြကာ ဆရာတော်အားရည်စူး၍ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)