တောင်ကြီး မတ် ၃၁
မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာဖြေဆိုနေမှုနှင့် ကြီးကြပ်ရေးမှူးရုံးခန်း၊ ကျန်းမာရေးစောင့်ရှောက်ပေးမည့် ကျောင်းတွင်းဆေးပေးခန်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်သာပညာရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင်စာဖြေဌာန (၁၅)ခု စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ပြင်ပဖြေ (၃၇၁၇)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၃၄၁၄ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စာရင်းရှိ ၁၇၁၆၃ ဦး၊ ဖြေဆိုသူ ၁၅၆၇၈ ဦး ရာခိုင်နှုန်း (၉၁.၃၄၈)ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စာရင်းရှိ ၆၆၀၆ ဦး၊ ဖြေဆိုသူ ၅၉၁၃ ဦး ရာခိုင်နှုန်း (၉၀)ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စာရင်းရှိ ၂၇၁၅ ဦး၊ ဖြေဆိုသူ ၂၄၃၉ ဦး ရာခိုင်နှုန်း (၈၉.၈၃၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ ၂၆၄၈၄ ဦးရှိသည့်အနက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၄၀၃၀ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


