ဆီဆိုင် ၉ အောက်တိုဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ် အကြားရှိ ပွန်ချောင်းကို ဖြတ်ကျော်ဆက်သွယ်ထားသည့် ကျွန်းတောင် - ကျောက်တစ်လုံးကြီး - နောင်ယာဆိုင်း - ဆိုက်ခေါင် -ပွန်ချောင်း - မောက်မယ်လမ်း တံတားအမှတ် (၉/၄၅) ပွန်ချောင်းတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က အဆိုပါနေရာ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပွန်ချောင်းတံတား တည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော်က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူများကိုယ်စား ဦးခွန်လှထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်းတို့က ပွန်ချောင်းတံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် တံတားကဗ္ဗည်းကျောက်စာအား အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ ဆောင်ရွက်ပြီး တံတားသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါပွန်ချောင်း ချောင်းကူးတံတားကြီးသည် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၇၄ ဒသမ ၅ သန်း ဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂) ရွှေညောင်မြို့မှ တာဝန်ယူ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည်ပေ ၁၉၀ ၊ အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် သုံးပေစီ၊ အမြင့် ၄၅ ပေ၊ သံမဏိသံပေါင်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကြီး ပြီးစီးသည့်အတွက် ကျွန်းတောင် - ကျောက်တစ်လုံးကြီးမြို့ - ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်သို့ ဆက်စပ်သွားလာမှု ပိုမိုမြန်ဆန်ပြီး ကုန်စည်စီးဆင်းမှု ကောင်းမွန်လာတော့မည်ဖြစ်သည်။
ခွန်ရဲထွေး(ဆီဆိုင်)


