ဟိုပုံး နိုဝင်ဘာ ၁၆
နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲ ဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ အထင်ကရ နေရာဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်း ပွဲတော်ကို နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထက(၁)နှင့် အထက(၂)ဟိုပုံးမှ ကျောင်းသူလေးများ၏ မီးပုံးအကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ရှမ်းပြည်နယ်ဉပဒေချုပ် ဦးတင်ဦးတို့က တန်ဆောင်တိုင် မီးထွန်းပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် မီးရှူး၊ မီးပန်းများအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအတွင်း၌ ရတနာဒီပံဆီမီးတိုင်ထွန်းညှိပူဇော်ကာ လိုဏ်ဂူတော်အတွင်း လှည့်လည်ဘုရားဖူးခဲ့ကြပြီး ဖွင့်ပွဲကို စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့ထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ညမီးကြီးမီးပုံးပျံ ၈ လုံး လွှတ်တင်ယှဉ်ပြိုင်ခြင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ဒေသလူငယ်တွေရဲ့ဖျော်ဖြေပွဲ၊ ညစဉ်မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲများအပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


