တောင်ကြီး ၂၈ မေ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကို၀င်းနှင့် အရာထမ်း၀န်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲများသည် မေ ၂၇ ရက် နံနက် ၈ နာရီတွင် တောင်ကြီးမြို့၊ အေးသာယာမြို့သို့ ရောက်ရှိပြီး ထနော့၊ လီဆူ၊ ရှမ်း၊ ကချင်၊ ကရင်နှင့် ဗမာတိုင်းရင်းသားအများစု နေထိုင်ရာ ရပ်ကွက် (၆)ရပ်ကွက်ရှိ အခြေခံတိုင်းရင်းသားပြည်သူ အိမ်ထောင်စု (၁၁၈၉)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်(၁၅၂၆)ထုပ်နှင့် ငွေကျပ်တစ်သောင်းစီအား တိုင်းရင်းသား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၀န်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးစီးအဖွဲ့သည် မေ ၂၆ ရက်က ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအတွက် ဆန်အိတ် (၂၀) နှင့် ဆီ (၅) ပုံး၊ ယင်းမြို့ရှိ အခြေခံအိမ်ထောင်စု (၃၀၀)စုအတွက် ရိက္ခာထုပ် (၃၀၀) နှင့် ငွေကျပ် တစ်သောင်းစီအားလည်းကောင်း၊ ကယန်းတိုင်းရင်းသားများနေထိုင်ရာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ပရဟိတဘုန်းတော်ကြီကျောင်း သံဃာတော်များအတွက် ဆန်(၂၀) အိတ်နှင့် ဆီ (၅)ပုံး၊ ယင်းမြို့မှ အခြေခံအိမ်ထောင်စု (၃၀၀) အတွက် ရိက္ခာထုပ် (၃၀၀)နှင့် ငွေကျပ်တစ်သောင်းစီအား လည်းကောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွက် ဆန်(၂၀)အိတ်နှင့်ဆီ (၈)ပုံးအားလည်းကောင်း၊ ကယားပြည်နယ်အတွင်းရှိ လယ်တွန်ရွာနေ ကယန်းတိုင်းရင်းသားလူမျိုးစု အိမ်ထောင်စု (၃၀၀)စုအတွက် ရိက္ခာထုပ် (၃၀၀) နှင့် ငွေကျပ်တစ်သောင်းစီအား လည်းကောင်း၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ငွေကျပ်သိန်း (၅၀)၊ တောင်ရိုးစာပေ ယဉ်ကျေးမှုကော်မတီသို့ ငွေကျပ်သိန်း (၅၀)၊ ဖယ်ခုံရွှေဓမ္မရောင်ခြည် ဖောင်ဒေးရှင်းသို့ ငွေကျပ် သိန်း(၅၀)တို့အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ရှိ အခြေခံ တိုင်းရင်းသားပြည်သူ အိမ်ထောင်စု (၆၀၀)စုအတွက် ရိက္ခာထုပ် (၆၀၀) အားလည်းကောင်း၊ ကျောက်တစ်လုံးကြီးမြို့ရှိ အခြေခံပြည်သူ အိမ်ထောင်စု (၅၀၀)အတွက် ရိက္ခာထုပ် (၅၀၀)နှင့် ငွေကျပ်တစ်သောင်းစီအား လည်းကောင်း၊ ကျောက်တစ်လုံးမြို့ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းအတွက် ဆန်အိတ်(၂၀)နှင့် ဆီ(၈)ပုံးအားလည်းကောင်း လက်ဝယ်အရောက် ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။ ထို့အပြင် ပင်လောင်းမြို့နယ်နှင့် တိုင်းရင်းသားဒေသအသီးသီးတွင် စိုက်ပျိုးထားရှိသည့် ဂေါ်ဖီထုပ်စိုက်ခင်းများ စျေးကွက်မရှိခြင်း၊ ရာသီအခြားသီးနှံများစို က်ပျိုးရမည့်အချိန်သို့ ရောက်ရှိပြီဖြစ်၍ ဂေါ်ဖီစိုက်ခင်းအား ဖျက်ဆီးပစ်ရမည့် အခြေအနေမှ ကာကွယ်ရန်အတွက် ကမ္ဘောဇဘဏ်နှင့် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယကမှ ဂေါ်ဖီထုပ်ငါးသိန်းအား ဝယ်ယူ၍ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ပို့ဆောင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက ဦးစီးအဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အေးသာယာမြို့တွင် ရိက္ခာထုပ်ဖြန့်ဝေရန် ကျန်ရှိသည့် ရပ်ကွက် (၆) ရပ်ကွက်မှ အခြေခံတိုင်းရင်းသားပြည်သူ အိမ်ထောင်စု (၂၃၇၆)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ် (၃၂၁၅) ထုပ်နှင့် ငွေကျပ်တစ်သောင်းစီအား တိုင်းရင်းသား ပြည်သူများလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)


