မူဆယ် ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်က မူဆယ်မြို့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မူဆယ်ခရိုင်၊ နယ်စပ်ဒေသတွင် လက်ရှိ လုပ်ငန်းစီမံဆောင်ရွက်လျက်ရှိသည့် အချက်အလက်များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု အခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးတို့က ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မူဆယ်မြို့၊ နယ်စပ်ဒေသသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ ဖြစ်သည်နှင့်အညီ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ရသည့်အပေါ် ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်း၍ ဆင်ပြေချောမွေ့စွာ စီမံခန့်ခွဲနိုင်ခြင်းကို တွေ့မြင်ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် လိုအပ်သည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်မပြတ် ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ပြောကြားသည်။
ထို့နောက် မူဆယ်မြို့သို့ လာရောက်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ တည်းခိုနိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဧည့်ရိပ်သာ) အဖြစ် မွမ်းမံတည်ဆောက်မည့် မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အား ဝန်ကြီးချုပ်နှင့် အဖွဲ့တို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး မူဆယ်ခရိုင်၊ ခရိုင်ဆေးရုံသစ်၌ တရုတ်နိုင်ငံမှ လှူဒါန်းတပ်ဆင်ပေးထားသော ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် ဓာတ်ခွဲစက်ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ မူဆယ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ (၁၀)သိန်းကျပ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ မူဆယ်မြို့၊ ကျန်းမာရေးမှူး ဒေါက်တာဟန်နိုင်စိုးက လက်ခံခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာသူများကို ယာယီလက်ခံထားရှိသည့် မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ တာဝန်ထမ်းဆောင်းကြသည့် မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေး ပရဟိတအသင်းအား အလှူငွေ(၁၀)သိန်းကျပ်၊ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ရာ ကရုဏာလူမှုကူညီရေး ပရဟိတအသင်းဉက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ပရဟိတအဖွဲ့တို့က အသီးသီးလက်ခံခဲ့ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)


