မိုင်းဆတ် သြဂုတ် ၂၈
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ (အရှေ့ပိုင်း) ရှိ ကျိုင်းတုံ - ပန်လီ - မိုင်းခုတ် - မိုင်းဆတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာခိုင်နှုန်းအလိုက် ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းခုတ်မြို့နယ် တိုက်နယ်ဆေးရုံအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ထောက်ပံ့ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) တစ်သောင်း၊ Hand Gel ဘူး (၃၀)၊ Face Shield (၃၀၀) နှင့် ထောက်ပံ့ငွေကျပ် (၅) သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုင်းခုတ်မြို့မှ (၈) မိုင်ခန့်အကွာရှိ ရှုခင်းသာ (၂) အိမ်ခြေ (၂၈) အိမ်ရှိ ကျေးရွာ၌ အခြေခံမူလတန်းကျောင်းအား ဝင်ရောက်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃) သိန်း ပေးအပ်ရာ ကျေးရွာသူကြီးမှ လက်ခံရယူခဲ့သည်။
ယင်းနေ့ မွန်းလွဲ (၃) နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းဆတ်မြို့နယ် Zion Hotel ၌ မိုင်းဆတ်မြို့ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးသည် မျှော်မှန်း၍ မရသောကြောင့် မိုင်းဆတ်ခရိုင်တွင် လိုအပ်သည်များအားလုံး စီမံဆောင်ရွက်ထားရန်နှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် ရှမ်းပြည်နယ်တွင် ရေကြီးမှုများနည်းပြီး တောင်ပြိုမှုရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပြောကြားလိုကြောင်း၊ မိုင်းဆတ်ခရိုင်တွင်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ရောဂါမကူးစက်အောင် တားဆီးနိုင်ရန် ကြိုးစားပေးရန လိုအပ်ပါကြောင်း၊ မိုင်းဆတ်ခရိုင်သည် ကျိုင်းတုံခရိုင်နှင့် ဝေးကွာသောကြောင့် အောက်ဆီဂျင်စက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီးခြားပေးပို့သွားမည်ဖြစ်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် စက်ရုံကို တည်ဆောက်ပေးရန် မကြာမီရောက်ရှိလာမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များ မှာကြားရန် ကွင်းဆင်းကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ထားရန် မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖြစ်ပါကြောင်း၊ မိုင်းဆတ်ခရိုင်တွင်လည်း နိုင်ငံတော်၏ လမ်းညွှန်မှာကြားချက်အတိုင်း စပါးကို စိုက်ပျိုးပေးကြရန် ဒေသအတွင်း ဖြန့်ပေးနိုင်ပါက ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်၍ စိုက်ပျိုးရေးမွေးမြူရေးကို ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးမှ မိုင်းဆတ်ခရိုင် ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ငွေကျပ် (၁၀) သိန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ပစ္စည်းများဖြစ်သည့် Mask (၂) သောင်း၊ Hand Gel (၅၀)၊ Face shield (၅၀၀)၊ PPE (၁၀၀)၊ Surgical Gowns (၁၀၀)၊ Surgical cap (၁၀၀)၊ para Tab (၁၅) ဘူး၊ VITAC Tab (၂၀) ဘူး၊ ဓာတ်ဆား (၁၀၀) နှင့် မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀) သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အသီးသီး လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် Clean and Green City ခေါင်းစဉ်ဖြင့် ဆောင်ရွက်နေသော ဝိုင်းနေ - ဝိုင်းကောင်းလမ်း ကတ္တရာခင်း ဆောင်ရွက်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်း၊ စားစရာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဆေးရုံတာဝန်ခံတစ်ဦးမှ လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မိုင်းဆတ်မြို့နယ် ဝိန်းနေကျေးရွာ ဦးဆန်းညွန့် စိုက်ပျိုးထားသည့် ဆင်းဧကရီ -၃/Cs လယ် (၂) ဧကတွင် မျိုးကွဲစပါး နုတ်နေမှုအား သွားရောက်ကြည့်ရှုပြီး တောင်သူများအား ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းဆတ်မြို့ ဓာတ်စွမ်ယောင်း စေတီတော်သို့ သွားရောက်ကာ ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့သည်။ ယင်းနောက် အမှတ် (၁၀) ဆက်သွယ်ရေးတပ်ရင်း မိသားစု ဖူလုံရေးစိုက်ခင်းနှင့် ဒေသကြက်မွေးမြူရေးခြံ၊ ဆိတ်ခြံ၊ ရာသီသီးနှံ စိုက်ခင်းများအား ကြည့်ရှု၍ အမှတ် (၁၁) ခုတင်(၁၀၀) စစ်ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ စစ်ဆေးရုံတပ်မှူးမှ လက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


